By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် စစ်ကောင်စီတပ်က နေ့ရောညပါ ပေါ်တာဆွဲနေသည်ဆိုသော သတင်းအရ လမ်းမများပေါ် ၌ လူအသွားအလာမရှိသလောက်ဖြစ်ကာ တိတ်ဆိတ်ခြောက်ကပ်နေ ကြောင်းသိရသည်။
ယခုနှစ်( ၂၀၂၅ခုနှစ်) ဇန်နဝါရီ ၂၅ရက်ကတည်းက မုံရွာမြို့သို့ အသစ်ပြောင်းလာသည့် တိုင်းမှူးက အသက်အရွယ်၊ ကျား၊မ မရွေး လူ ၂၀၀ပေါ်တာဆွဲဖမ်းဆီးရန် ညွှန်ကြားထားသည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် ပေါ်တာဆွဲမှုများ ဆက်တိုက်ဖြစ်လာကာ မြို့နေပြည်သူ အများစုမှာ အိမ်အပြင်သို့မထွက်တော့ကြောင်း Eagle Information Operator အဖွဲ့ထံမှ သိရသည်။
” ၂၅ရက် နေ့ကစတာပဲဗျ၊ အခုလိုပုံစံဖြစ်သွားတာ၊ အဲ့ဒီသတင်းပျံ့နှံ့ပြီး လူတွေကြောက်ရွံ့ပြီး အပြင်ကိုမထွက်တော့တာ၊ ဖမ်းတာဆီးတာ၊ ကားပေါ်တင်သွားတာတွေကလည်း နေရာအတိအကျစုံစမ်းပြန်တော့ မရှိပြန်ဘူး။ Mobile ရွေ့လျားပေါ်တာဆွဲနေကြတာပါ ” ဟုမုံရွာသတင်းများကို အသားပေးဖော်ပြနေသည့် နွေဦးတော်လှန်ရေးစာမျက်နှာ Eagle Information Operator မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ထို့ပြင် မြို့ပေါ်ရှိ ဈေးဆိုင်အချို့လည်း ပိတ်ကြပြီး ဆိုင်အများစုမှာ စစ်ကောင်စီရန်နှင့် သူခိုးရန်ကြောက်ရသဖြင့် ညနေသုံးနာရီကျော်လျှင် ပိတ်တော့ကြောင်း သိရသည်။
“ တချို့တလေပိတ်ကြတာပါ၊ ဆိုင်အားလုံးကတော့ နေ့ခင်း သုံးနာရီကျော်တာနဲ့ပိတ်တော့တာဗျ၊ အပြန်ဆိုအသွားအလာလူရှင်းတာရယ်၊ တစ်နေကုန်ကျတော့လည်း လူကပါးတော့အရောင်းအဝယ်မရှိ ငုတ်တုတ်ကြီးထိုင်နေရတာ၊အခုက စကစလည်းကြောက်ရ၊ ခိုးဆိုးလုယက်တွေလည်းကြောက်ရမို့လေ” ဟု ၎င်းကပြောသည်။
မုံရွာမြို့ထဲ၌ အသက်အရွယ်၊ ကျား၊ မ မရွေး ဖမ်းဆီးခံနေရပြီး အမျိုးသမီးများ အဖမ်းခံရလျှင် အမျိုးသားနှင့်ပြန်ရွေးရကာ သက်ကြီးပိုင်းများဖမ်းခံရလျှင် အိမ်ရှိ သားနှင့်လဲရသည့် ဖြစ်စဉ်များလည်းကြားမိကြောင်း မုံရွာခရိုင်အမှတ်လေးတပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boy) အဖွဲ့တာဝန်ခံက ပြောသည်။
” အလုပ်ဘာညာသွားတဲ့ လူလတ်ပိုင်း၊ သက်ကြီးပိုင်းတွေပေါ့လေ၊ သူတို့ပြန်ပြောတာတော့ရှိပါတယ်ဗျ။ လုံးဝကိုတိတ်ဆိတ်နေပြီးတော့ မြို့ထဲကို ဆိုင်ကယ်စီးရတာ ကြက်သီးမွေးထပြီး ကြောက်စိတ်ဝင်မိတဲ့အကြောင်းပေါ့လေ၊သက်ကြီးပိုင်းပဲဖြစ်ဖြစ်၊ အသက်မပြည့်သေးတဲ့ ကလေးသူငယ်ဖြစ်ဖြစ် တချို့နေရာတွေမှာဖမ်းတယ်။ ပြီးတော့ မိသားစုနဲ့ ပြန်ပြီးတော့ လဲခိုင်းတယ်” ဟု ၎င်းကပြောသည်။
မုံရွာမြို့ပေါ်တွင် စစ်တပ်က နေ့ရောညပါ ပေါ်တာဆွဲနေခြင်း သတင်းကို မျက်မြင်မတွေ့ရသေးသော်လည်း ပြည်သူအားလုံးက ယုံကြည်ကြသဖြင့် နံနက်ခင်းတစ်ချိန်ကလွဲ၍ မုံရွာတစ်မြို့လုံး တစပြင်ပမာ ဖြစ်နေကြောင်း မုံရွာမြို့သားတစ်ဦးကလည်း ဆိုသည်။
“ပေါ်တာဆွဲတာကို မျက်မြင်မတွေ့ဘူးဆိုတာက ကိုယ်ကိုယ်တိုင်လည်း အဆွဲခံရမှာစိုးလို့ အပြင်မထွက်တာလေ။မနက်ပိုင်းဘဲ မဖြစ်မနေသွားရတဲ့ အလုပ်သွား၊ ဈေးသွားလောက်ပဲ လူနည်းနည်း လမ်းပေါ်ရှိတယ်။ ကျန်တဲ့အချိန် တစပြင်ပဲ၊ မုံရွာမှာ တစ်သက်လုံးနေလာတာ ဒါမျိုး လမ်းပေါ်လူမရှိတာ အခုမှ မြင်ဖူးတော့တယ်”ဟု မုံရွာမြို့၊သလ္လာရပ်ကွက်နေ အသက်၅၀အရွယ် အမျိုးသားတစ်ဦးကပြောသည်။
မုံရွာမြို့ပေါ်ရှိ စားသောက်ဆိုင်များပင်လျှင် ညနေစောင်းသည်နှင့် လူမရှိတော့ကြောင်း ၎င်းက ဆက်လက် ပြောသည်။
မြို့ခံများအနေဖြင့် တော်လှန်ရေးထဲပါဝင်လိုသည်ဖြစ်စေ၊ မပါဝင်နိုင်သော်လည်း စစ်ကောင်စီနှင့် ကင်းလွတ်ရာ၌နေလိုသည်ဖြစ်စေ မြို့မှစွန့်ခွာရှောင်တိမ်းခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း မုံရွာခရိုင်အမှတ်လေးတပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boy) အဖွဲ့တာဝန်ခံက ဆိုသည်။
” အကြံပေးချင်တာကတော့ မြို့ရဲ့လက်တစ်ကမ်းပေါ့နော်၊ မြို့ဧရိယာကျော်လိုက်တာနဲ့ ကျတော်တို့တော်လှန်ရေးသမားတွေ စိုးမိုးတဲ့နယ်မြေတွေမှာ ရောက်သွားမှာဘဲလေ၊ တော်လှန်ရေးထဲကို လုံးလုံးလျားလျားပါဝင်ချင်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်ရင်လည်း တော်လှန်ရေးထဲတော့ မပါနိုင်ဘူး။ စကစနဲ့ လွတ်အောင်သွားမယ်ဆိုရင်လည်း မြို့ကိုတော့ စွန့်ခွာရင် အကောင်းဆုံးပါပဲ” ဟု ၎င်းက ပြောသည်။
ထို့ကြောင့် စစ်ကောင်စီ၏ ပေါ်တာဆွဲခြင်းခံမလား၊ ပြည်သူ့အတွက်တိုက်ပွဲဝင်မလားဟုဆိုကာ မုံရွာခရိုင်အမှတ်လေးတပ်ရင်း ( Chindwin Attack Force)က တပ်ဖွဲ့ဝင်အသစ်များခေါ်ယူ လျက်ရှိ သည်။
ယမန်နေ့(ဇန်နဝါရီ ၂၇ရက်)က မုံရွာမြို့ပေါ်နေ ပြည်သူ ၂၀၀ကျော် ဖမ်းဆီးခံထားရပြီး မြို့တော်ခန်းမသို့ပို့ဆောင်ကာ ညဘက်၌ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ထဲသို့ ပို့ဆောင်ကြောင်း တပ်တွင်းသတင်းပေးပို့မှုအရ သိရှိရသည်ဟု Eagle Information Operator က သတင်းထုတ်ပြန်ထားသည်။