By Nway / MPA
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ရွာတန်းရှည်ကျေးရွာကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံး၍ သုံးနှစ်အရွယ်သားနှင့်ခင်ပွန်းတို့ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့ ( ဇန်နဝါရီလ၂၈ရက် ) နံနက် တစ်နာရီခွဲခန့်က မိတ္ထီလာရှမ်းတဲမှ တက်လာသော စက်တပ်လေထီးဖြင့် တောင်သာ – မလှိုင်မြို့နယ်အစပ်ရှိ ရွာတန်းရှည်ကျေးရွာကို ဗုံးသီးနှစ်လုံးတွဲ သုံးကြိမ်ချခဲ့ရာ ပြည်သူ့နေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း လူထုလှုပ်ရှားမှုကော်မတီ – တောင်သာ ထံက သိရသည်။
“ နေအိမ်ဘေးကို ကျပါတယ်။ထိခိုက်သူတွေက မိသားစု သုံးယောက်နေအိမ်ပါ” ဟု လူထုလှုပ်ရှားမှုကော်မတီ – တောင်သာမှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
သေဆုံးသူမှာ မပု( ၂၆ နှစ်) ဖြစ်ပြီး ပြင်းထန်ဒဏ်ရာရရှိသော ၎င်း၏ခင်ပွန်းမှာ အသက်၃၀ဝန်းကျင်အရွယ်ဖြစ်ကြောင်း သိရသည်။
“ ထိခိုက်သူတွေကိုတော့ ဆေးရုံပို့ထားပါတယ်။ သေဆုံးသူကိုတော့ နေ့လည် ၁၂ နာရီ လောက်က သင်္ဂြိုဟ်လိုက်ပါတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။
ဇန်နဝါရီ ၂၁ရက်ကလည်း စစ်တပ်က တောင်သာမြို့နယ်၊ သာစည်ရွာကို စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သေးသည်။