By Bala / MPA
ဒီးမော့ဆိုအနောက်ခြမ်းတွင်အိမ်နှင့်ဆိုင် ဖောက်ထွင်းခိုးယူခံရမှု များ လာသ ဖြင့် ကရင်နီပြည်ရဲတပ်ဖွဲ့က ရဲကင်းလေးခုတိုးချဲ့ထားကြောင်း ကရင်နီရဲတပ်ဖွဲ့ (KSP) ထံက သိရသည်။
ဒီးမော့ဆို အနောက်ခြမ်းတွင် ယခုဇန်နဝါရီလအတွင်း ခိုးမှုပေါင်း ၃၀ထက်မနည်းရှိနေပြီး ဇန်နဝါရီ၂၂ရက်ကလည်း ကုန်စုံဆိုင်နှင့် အိမ်ဆိုင်မှ ကုန်ပစ္စည်းများဖောက်ထွင်းခိုးယူခံခဲ့ရကြောင်း သိရသည်။
“ စစ်ပွဲတွေရဲ့နောက်ဆက်တွဲ ဆိုးကျိုးကြောင့်လည်းဖြစ်မယ်လို့ ကျတော်ယူဆပါတယ်။ ခိုးမှုတွေတင် မကဘူး။ မူးယစ်ဆေးဝါးနဲ့ အခြား ရာဇဝတ်မှုတွေ လျှော့ချဖို့ နဲ့ ပပျောက်ဖို့အတွက် ဒီးမော့ဆိုအ နောက်ခြမ်းမှာ ရဲကင်းလေးခု တိုးချဲ့ ဖွင့်လှစ်ထားပါတယ်။ အုပ်ချုပ်ရေးအဖွဲ့ ၊ အခြားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီး လှည့်ကင်းလှည့်တာတွေလည်း အရင်ကထက် ပိုပြီး လုပ်နေ ပါတယ်” ဟု KSP ဒုရဲချုပ် ဘိုဘိုက MPAသို့ ပြောသည်။
ဒေသခံပြည်သူအချို့သည် လုံခြုံရေးထိခိုက်မည်စိုးသဖြင့် KSPထံ မတိုင်ကြားသည့် ခိုးမှုများလည်း ရှိနေကြောင်း MPAက စုံစမ်းသိရသည်။
ဒီးမော့ဆိုအနောက်ခြမ်းတွင် ဖောက်ထွင်း ခိုးယူမှုများလာရခြင်းမှာ စစ်ဘေး ရှောင် ကာ လကြာလာပြီး အလုပ်အကိုင်မရှိသဖြင့် ခိုးဝှက်ခြင်းဖြင့် အသက်မွေးလာခြင်းဖြစ်နိုင်ကြောင်း ဒီးမော့ဆိုအနောက်ဘက်ခြမ်း၊ပဆေးလာနေ ဒေသခံပြည်သူတစ်ဦးက ပြောသည်။
“ အလုပ်မရှိဘဲ နေတော့ ပိုက်ဆံမရှာနိုင်ဘဲ ရရာနည်းနဲ့ရှာကြံကြတာပေါ့။ ပြီးတော့ ဆိုင်တွေ၊ အိမ်တွေကလည်း အမိုးအကာ မလုံတာမျိုးဆိုတော့ ခိုးရ ဖောက်ရလွယ်နေတာပေါ့။အခုဆို ဆေးလိပ်တွေ၊ဘီယာတွေခိုးရာကနေ မီးစက်တွေပါခိုးတဲ့အထိ ဖြစ်လာနေပြီပေါ့။တချို့ဆို လက်နက်တွေနဲ့ပါ ညဘက်ဝင်ခိုးတယ်ဆိုတော့ အိမ်ရှင်တွေ၊ဆိုင်ရှင်တွေက မအော်ရဲဘူးပေါ့။လုံခြုံရေးကို စိုးရိမ်နေရတဲ့အတွက် သက်ဆိုင်ရာတွေကလည်း ပိုပြီး အားစိုက်အရေးယူဖို့လိုမယ်ထင်တာပါပဲ” ဟု ၎င်းကပြောသည်။
ပြည်သူများအနေဖြင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် နီးစပ်ရာ ရပ်ကွက်ကျေးရွာ သို့မဟုတ် စစ်ရှောင် ကော်မတီများနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ရန်လိုအပ်ကြောင်း ခိုးမှု ကျူးလွန်ခံရပါက နီးစပ်ရာ ကရင်နီပြည်ရဲစခန်း နှင့် ရဲကင်းများထံ အချိန်မဆိုင်းဘဲ တိုင်ကြားကြရန်လိုကြောင်း ဒုရဲချုပ် ဘိုဘိုက ပြောသည်။




