By Poesangle / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် မီးသွေးစျေးနှုန်းကျဆင်းမှုကြောင့် မီးသွေးဖုတ်သူများ အခက်ကြုံနေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ၂၀၂၄ခုနှစ်က မီးသွေးဖုတ်သည့် တွင်းတစ်တွင်းလျှင် တရုတ် ယွမ်ငွေ နှစ်ထောင် အထိရရှိခဲ့သော်လည်း ယခုနှစ်(၂၀၂၅ခုနှစ်) တွင် ယွမ်ငွေ တစ်ထောင့်တစ်ရာသာ ရရှိခြင်းကြောင့် မီးသွေးဖုတ်သည့် လုပ်ငန်းလုပ်ကိုင်သူများ အခက်အခဲ ကြုံတွေ့နေရခြင်းဖြစ်သည်။
“ ပိုက်ဆံရှိတဲ့သူ အချို့ဆိုရင် မရောင်းသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ မီးသွေးက အရင်နှစ်လိုစျေးမရတော့ ရောင်းလိုက်ရင် ထင်းဖိုးတောင် ပြန်မရဘူး။ အဲ့ဒါကြောင့် သိုလှောင်ထားတဲ့သူတွေရှိတယ်။ ပြီးတော့ ငွေတကယ်အသုံးပြုဖို့လိုတဲ့သူတွေကတော့ ရတဲ့စျေးနဲ့ရောင်းတယ်။ မရောင်းလို့လည်းမရဘူးလေ မိသားစု စားဝတ်နေရေးလည်းရှိသေးတယ်။ မီးသွေးဖုတ်ဖို့အတွက် လူလည်းငှားရသေးတယ်လေ” ဟု မီးသွေးဖုတ် လုပ်ငန်းလုပ်ကိုင်နေသည့် အမျိုးသားတစ်ဦးကပြောသည်။
ထို့ပြင် မီးသွေးထုတ်သည့် လုပ်ငန်းလုပ်ကိုင်သူများသည် မီးသွေးဖုတ်သည့် လုပ်သားများကို ထုတ်လုပ်နိုင်သည့် မီးသွေးအိတ်အရေအတွက်ဖြင့် လုပ်ခပေးခြင်းဖြစ်ပြီး မီးသွေးစျေးမကောင်းသည်ဆိုသည့်အကြောင်းပြချက်ဖြင့် လုပ်ခလျော့ချမှုများလည်း လုပ်ဆောင်နေကြောင်း သိရသည်။
“ ကျမတို့က ကိုယ်ပိုင်သစ်တောလည်းမရှိဘူး။ ဝယ်လဲမဝယ်နိုင်ဘူးလေ၊ အဲ့ဒီတော့ သူများဆီမှာဘဲ သွားလုပ်ရတယ်။ အစတုန်းက မီးသွေး တစ်အိတ်ထုတ်နိုင်ရင် ခုနှစ်ထောင်ပေးမယ် ပြောတယ်။ အခုတော့ မီးသွေးစျေးကျလို့ တစ်အိတ်ကို ငါးထောင့်ငါးရာပဲပေးတယ်။ ကိုယ်တွေ နစ်နာရတယ်လို့ ခံစားရတယ် ” ဟု နမ့်ခမ်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
မီးသွေးဖုတ်သည့် တွင်းတစ်တွင်းမှာ တည်ဆောက်သည့် တွင်းအနေအထားပေါ်မူတည်ကာ အများဆုံး အလေးချိန် ပိဿာချိန် ၆၆၀ ကျော်ထွက်ကြောင်းလည်း သိရသည်။
နမ့်ခမ်းမြို့ဒေသခံများသည် ကြံနှင့် မီးသွေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်သူများပြီး မီးသွေးစျေးနှုန်းနည်းပါးသည့် အပြင် လုပ်ငန်းရှင်များက စျေးနှိမ်မှုများကြောင့် မီးသွေးလုပ်သားများ ပိုမိုအခက်တွေ့နေရသည်။
“ မီးသွေးစျေးမကောင်းလို့ အခြားအလုပ်လုပ်ဆိုရင်လဲ လုပ်စရာမရှိဘူး။ ဘိုးဘွားလက်ထက်ကတည်းက ဒီမီးသွေးအလုပ်ပဲလုပ်လာတာဆိုတော့ စျေးမကောင်းလည်း လုပ်ရတာပါပဲ၊ ဒီနှစ်ဆို တစ်အိတ် ငါးထောင်ကျပ်ပဲရတော့တယ်။ သုံးထောင်လောက်ကွာသွားတယ်ပေါ့၊ ဒီနှစ်ကြံက စျေးနည်းနည်းကောင်းတော့ ကြံပဲသွားခုတ်စားရမဲ့ အခြေအနေ ရောက်တော့မလားမသိဘူး ” ဟု မန်တုံမြို့နယ်၊ လမ်းစုံကျေးရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။
မီးသွေးစျေးကောင်းပါက မီးသွေးလုပ်ငန်းသည် အချိန်တိုဖြင့် ငွေများစွာ ရရှိနိုင်သော်လည်း မီးသွေးမှုန်ကြောင့် ပန်းနာရင်ကျပ်ကဲ့သို့ ရောဂါများဖြစ်ပွားနိုင်သည်။ ယမန်နှစ် ၊ မတ် ၂၉ရက်ကလည်း မန်တုံမြို့နယ်၊ မန်မိုင်ကျေးရွာနေ အသက် ၅၀အရွယ် ဦးအလုပ်ဆိုသူသည် မီးသွေးဖုတ်နေစဉ် မီးသွေးဖုတ်သည့်တွင်းထဲကျရောက်ပြီး သေဆုံးခဲ့သည့် ဖြစ်စဉ်လည်းရှိခဲ့သည်။
တရုတ်နိုင်ငံနှင့် နီးစပ်သည့် မန်တုံနှင့် နမ့်ခမ်းမြို့ဒေသခံများသည် မိုးရာသီကာလမှ လွဲ၍ နွေနှင့် ဆောင်းရာသီကာလများတွင် မီးသွေးဖုတ်သည့် လုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။
ယမန်နှစ်က မီးသွေးစျေးကောင်းမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီဂိတ်များက ဂိတ်ကြေးကောက်မှုများကို ပေးနိုင်သော်လည်း ယခုနှစ် မီးသွေးစျေးနည်းနေသည့်အတွက် ဒေသခံများ ပိုမိုခက်ခဲနေခြင်းလည်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။


