By Nway / MPA
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင်စစ်အုပ်စုဝင်များ နှစ်ကြိမ်တိုက်ခိုက်ခံရပြီး လေးဦးသေဆုံးကာ သေနတ်သုံးလက် သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။
ယနေ့ ( ဇန်နဝါရီ ၂၈ရက် ) နံနက်ပိုင်းက မြိုင်မြို့နယ်၊ လင်းကတောကျေးရွာရဲစခန်းမှ စစ်အုပ်စုဝင်များသည် လင်းကတောရွာအတွင်း၌ မိုင်းထောင်ပြီး ပြည်သူများ၏ စားနပ်ရိက္ခာများ ယူနေစဉ် ကာကွယ်ရေးတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးပြီး BA 63 သေနတ် နှစ်လက် သိမ်းဆည်း ရရှိခဲ့ကြောင်း မြိုင်ပကဖက ယနေ့ မွန်းလွဲပိုင်း၌ သတင်းထုတ်ပြန်သည်။
” ရဲစခန်းက လင်းကတောရွာထဲမှာပဲ ရှိတာ။ သူတို့က ပုံမှန်ဆို စခန်းအပြင်မထွက်ဘူး။ ရဲစခန်းထဲပဲနေကြတာ။ ပြည်သူတွေလည်း ရွာထဲပဲနေတယ်။ စစ်ကြောင်းက ရဲစခန်းရောက်ရင်တော့ ပြည်သူတွေ ရှောင်ကြတယ်။ ခုက စစ်ကြောင်းရောက်လို့ ပြည်သူတွေရှောင်တဲ့အချိန် သူတို့ထွက်လာပြီး စာသင်ကျောင်းနား မိုင်းထောင်တာဗျ ” ဟု မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသည့် စစ်အုပ်စုဝင်များလည်းရှိပြီး ၎င်းတို့ကို လင်းကတောရဲစခန်းထဲသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။
ထို့ပြင် ယနေ့ နံနက်၁၁ နာရီခန့်ကလည်း မြိုင်မြို့ပေါ်ရှိ ထွေအုပ်ရုံးမှ မန္တလေးဂိတ်သို့ ထွက်လာသည့် စစ်သား နှစ်ဦးကို သတင်းကြိုတင်ရရှိမှုကြောင့် သွားရောက်တိုက်ခိုက်ခဲ့ရာတစ်ဦး သေဆုံးပြီး ကျန်တစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ MA-1 သေနတ်တလက်နှင့် ကျည် ၁၇တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင်ပကဖ က သတင်းထုတ်ပြန်သည်။
တိုက်ခိုက်မှုများကို မြိုင် ပကဖ ၊ ပကဖ အမှတ်တစ် တပ်ရင်း ၊ ဆားလင်းကြီး SSTF တပ်ဖွဲ့ ၊ မြိုင်ပကဖ – မြောက်ပိုင်းဇုန် လင်းမြွေတပ်ဖွဲ့နှင့် ကိုဆံရှည်တပ်ဖွဲ့ တို့က ပူးပေါင်းလုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
စစ်သားများ သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။