By Nway / MPA
ရခိုင်ရိုးမနှင့် ဧရာဝတီတိုင်းအတွင်းရှိ တပ်စခန်းသုံးခုကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်လိုက်ကြောင်း ဇန်နဝါရီ ၂၇ရက် ညနက်ပိုင်း၌ သတင်းထုတ်ပြန်သည်။
ဇန်နဝါရီ ၂၁ရက်၊ နံနက် ခြောက်နာရီခွဲမှစတင်၍ ရခိုင်ပြည်နယ် – ပဲခူးတိုင်းအစပ်၊ရခိုင်ရိုးမတောင် တန်းပေါ်ရှိ မိုးထိတောင်တပ်စခန်းကို ငါးရက်ခန့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၂၆ရက်၊ နံနက် ၁၁နာရီကျော်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း AA က ထုတ်ပြန်သည်။
“ မိုးထိတောင်ကို စကခ၅မှူး ဗိုလ်မှူးချုပ်ကောင်းမြတ်က တောင်ကုတ်ကနေ ပြေးလာပြီး ကွပ်ကဲနေတာ။ ခုက ဖမ်းမိသလိုလို မဖမ်းမိဘဲ ရာထူးထပ်တိုးသလိုလို ဘာမှန်းသေချာမသိရ။ ခုတော့ ညောင်ကျိုးမှာ ခံစစ်ထပ်ပြင်ထားတယ် ” ဟု MPA ၏ ပြည်မြို့ စစ်ကောင်စီသတင်းရင်းမြစ်က ပြောသည်။
ယင်းမိုးထိတောင်စခန်းမှ စစ်အသုံးအဆောင်နှင့် လက်နက်ခဲယမ်းနှင့် အလောင်းအချို့ကို AA က သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ထို့ပြင် ရခိုင် – ဧရာဝတီတိုင်းနယ်စပ်၊ ဧရာဝတီတိုင်းအတွင်းရှိ စစ်ကောင်စီ၏ ပွိုင့် ၂၆၃စခန်းကို ဇန်နဝါရီ ၂၆ရက်တွင်လည်းကောင်း၊ ပွိုင့် ၃၆၉စခန်းကို ဇန်နဝါရီ ၂၁ရက်တွင်လည်းကောင်း သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၂၇ရက်၊ မွန်းလွဲ တစ်နာရီခွဲခန့်တွင် AA သိမ်းပိုက်ထားသည့် ဧရာဝတီတိုင်းအတွင်းက ပွိုင့် ၂၆၃စခန်းကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးပစ်ကူများနှင့်အတူ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။
ယင်းနေ့၌ပင် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီး အမ်း-ပဒါန်း ကားလမ်းမထက် တွင် စစ်ကောင်စီတပ်ပူးပေါင်းစစ်ကြောင်းနှင့် AAတို့ နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းပူးပေါင်းစစ်ကြောင်းသည် ဂုတ်စီးရိုးကျေးရွာဘက်သို့ ဆုတ်ခွာသွားခဲ့ပြီး ထွက်ပြေးသွားသော စစ်သားများကို AAက လိုက်လံရှင်းလင်း တိုက်ခိုက်လျက်ရှိရာ စစ်သားအလောင်းနှင့် လက်နက်ခဲယမ်းအချို့ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း AA က ဆိုသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အနီးပတ်ဝန်းကျင်၌လည်း စစ်တပ်နှင့် AAတို့ နှစ်ဖက် အပြန်အလှန် လက်နက်ကြီး၊ စနိုက်ပါ၊ ဒရုန်းပစ်ခတ်တိုက်ခိုက်မှုများ နေ့စဉ်ရှိနေကြောင်း AA က ထုတ်ပြန်ထားသည်။




