By Ra Wai / MPA
မြန်မာစာပေလောက၏ ကြယ်တစ်ပွင့်ဖြစ်သူ ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)သည် ယနေ့(ဇန်နဝါရီ ၂၈ရက်)နံနက်အစောပိုင်းတွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) သည် အငြိမ်းစားမြန်မာစာပါမောက္ခတစ်ဦး ဖြစ်ပြီး ရုတ်တရက် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ဆရာကြီး၏ သမီးဖြစ်သူက ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် အသိပေးခဲ့သည်။
“ည ၁၂း၃၀မှာ ဖေဖေဦးခင်အေး(မောင်ခင်မင် ဓနုဖြူ)ရုတ်တရက် ကွယ်လွန်သွားပါပြီ” ဟု ဆရာကြီး၏သမီး မသူသူနွယ်အေးက ရေးသားထားသည်။
ဆရာကြီး၏အမည်ရင်းမှာ ဦးခင်အေးဖြစ်ပြီး ၁၉၄၂ခုနှစ်၊ဇန်နဝါရီနှစ်ရက်တွင် ဧရာဝတီတိုင်း၊ဓနုဖြူ မြို့နယ်၌ မွေးဖွားခဲ့ကာ ယခုကွယ်လွန်ချိန်၌ အသက် ၈၄နှစ်ရှိပြီဖြစ်သည်။
“မြန်မာစာနဲ့ ဘာသာစကားအပေါ် ဂုဏ်ကျေးဇူး ကြီးမားသူ၊ တကုပ်ကုပ်နဲ့ ပညာရဲ့အလုပ်ကို နေဝင်မိုးချုပ်တဲ့တိုင် ကြိုးကုပ်အားထုတ်သွားသူ တစ်ဦး၊ လူကောင်က သေးပေမဲ့ အသက် ပညာ ဝါ ကြီးတစ်လုံး အသေအချာတင်ရသူတစ်ဦး ထွက်ခွာသွားလေပြီ။ ဆရာအေး နာမည်နဲ့လိုက်အောင် အေးချမ်းရာ ငြိတွယ်ရောက်ရှိပါစေ” ဟု ကဗျာဆရာမောင်လင်းရိပ်က ဆိုသည်။
ဆရာကြီးသည် မြန်မာစာပါမောက္ခအဖြစ် ၂၀၀၂ခုနှစ်တွင် အငြိမ်းစားယူခဲ့ပြီး ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ ချီးမြှင့်ခဲ့ကာ မြန်မာစာပေဆိုင်ရာ စာအုပ်ပေါင်း ၃၀ခန့် ရေးသားခဲ့ကြောင်းသိရသည်။