By Poesangle / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနှင့် ကျောက်မဲမြို့တို့တွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် CDM ဆရာမ နှစ်ဦးအပါအဝင် အရပ်သား ၁၂ဦးသေဆုံးကာ၊ ၂၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယမန်နေ့(ဇန်နဝါရီ ၂၅ရက်)က ကျောက်မဲမြို့ ပြည်သူ့ဆေးရုံနှင့် ရဲစခန်းကို စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံ၌တာဝန်ထမ်းဆောင်နေသည့် CDM ဆရာမနှစ်ဦးနှင့် လူနာ တစ်ဦးသေဆုံးကာ ပြည်သူ ၂၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
“ စစ်တပ်က ဗုံးကြဲပြီးတော့ ပြည်သူတွေ အပြင်သိပ်မထွက်ရဲဘူး။ ဆိုင်တွေလည်းပိတ်ထားတယ်။ ဒီနေ့မှာတော့ ကင်းထောက်လေယာဉ်လာဝဲတယ်။ မနက်ကော နေ့လယ်ကောဝဲတယ်။ ကျမလည်းအပြင်မထွက်ရဲတော့ မြို့ထဲအခြေအနေဘယ်လိုရှိလဲ သေချာမသိရဘူး။ စားဝတ်နေရေးအတွက်ရှာရသေးတော့ လုပ်ငန်းတွေမလုပ်လို့လဲမရဘူး ” ဟု ကျောက်မဲမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ကျောက်မဲမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း၌ TNLA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်သည့် မြို့တစ်မြို့ဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲများပြန်လည်ဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုများ မကြာခဏပြုလုပ်လျက်ရှိသည့် မြို့တစ်မြို့ဖြစ်သည်။
ထိုကဲ့သို့ စစ်ကောင်စီက ကျောက်မဲမြို့ ပြည်သူ့ဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး တအာင်းပြည်ကျန်းမာရေးကောင်စီ (THC)၊ ကျန်းမာရေးမိသားစု မန္တလေး(MFM)နှင့် အမျိုးသားညီညွတ်ရေးအစိုရ-NUG (ကျန်းမာရေးဝန်ကြီးဌာန) တို့ကလည်း ကန့်ကွက်ရှုတ်ချကြောင်း ယနေ့တွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ရက်ကလည်း နောင်ချိုမြို့ရှိ ပါရမီ လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား ရှစ်ဦးသေဆုံးခဲ့ရသေးသည်။
လက်ရှိ နောင်ချိုမြို့ကို TNLA က ထိန်းချုပ်ထားနိုင်သော်လည်း မြို့နှင့် မိုင် ၂၀ခန့် ဝေးကွသည့် တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းကို ယနေ့အထိ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲများပြင်းထန်လျက်ရှိသည်။
“ နောင်ချိုမြို့ကို နှစ်ရက်ဆက် ဗုံးကြဲတော့ မြို့ခံတွေက ပြန်ပြီးစစ်ဘေးရှောင်နေရတယ်။ မပြေးချင်တဲ့သူတွေကတော့ မြို့မှာ ကျန်နေသေးတယ်။ ကျတော်တို့ကတော့ ရှောင်လိုက်ပြီ၊ အချို့ကတော့ ကျောက်မဲဘက်ကက ကျေးရွာတွေကို ရှောင်နေကြတယ်။ အချို့ကတော့ ပြင်ဦးလွင်နဲ့ မန္တလေးဘက်ကို ရှောင်တယ် ” ဟု နောင်ချိုမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ရက်ကလည်း နောင်ချိုမြို့၊ ထွေအုပ်ရုံးအနီး စစ်ကောင်စီ ဗုံးကြဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
လက်ရှိ နောင်ချိုမြို့ကို စစ်ကောင်စီက နှစ်ရက်ဆက်ဗုံးကြဲခဲ့မှုကြောင့် ဒေသခံတစ်ရာကျော်သည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ ဒီနေ့ အုမ္မတီးဘက်မှာ သေနတ်သံရော၊ လက်နက်ကြီးအသံရော ကြားနေရတယ်။ တိုက်ပွဲပြင်းထန်နေတယ်။ တိုက်ပွဲပြင်းထန်နေတာကတော့ လေးငါးလရှိပြီ၊ အုမ္မတီးရွာထဲ လက်နက်ကြီးကျတယ်။ ဒေသခံတွေက တိမ်းရှောင်နေတော့ ဘယ်သူမှ ထိခိုက်မှုမရှိဘူး။ ကျတော်နေတဲ့နေရာနဲ့ သိပ်မဝေးတော့ ရွာကိုလက်နက်ကြီးကျတာမြင်ရတယ် “ ဟု ဘေးလွတ်ရာသို့ တိမ်းရှောင်နေသည့် အုမ္မတီးရွာခံ အမျိုးသားတစ်ဦးက သည်။
လက်ရှိကာလသည် ကြံခုတ်ရမည့် အချိန်ဖြစ်သော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ဒေသခံများသည် စစ်ကောင်စီ၏လေကြောင်းအန္တရာယ်ကြောင့် ကြံခုတ်ရန်ပြုလုပ်နိုင်ခြင်းမရှိဘဲ အခက်အခဲများကြုံတွေ့နေရသည်။
ထို့ပြင် စစ်ကောင်စီက နောင်ချိုမြို့ရှိ တောင်ခမ်းတပ်စခန်း ကျဆုံးမှုမရှိစေရေးအတွက် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှ နောင်ချိုမြို့နယ်သို့ လက်နက်ကြီးများ ပစ်ခတ်နေသည့်အတွက် ပြည်သူများ ပိုဆိုဒုက္ခရောက်နေရသည်။



