By Poesangle / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) ထိန်းချုပ်ထားသည့် သီပေါမြို့တွင် စစ်လက်နက်အကြွင်းအကျန် လက်ပစ်ဗုံးကိုင်တွယ်မိသည့် အမျိုးသားနှစ်ဦးသည် ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
အဆိုပါဖြစ်စဉ်သည် ယမန်နေ့(ဇန်နဝါရီ ၂၅ရက်)၊ နံနက် ကိုးနာရီခန့်တွင် သီပေါမြို့နယ်၊ ကုံးစုံကျေးရွာ၌ စစ်လက်အကြွင်းအကျန် လက်ပစ်ဗုံး၏ စနက်တံ ကို အမျိုးသားနှစ်ဦးက စွဲထုတ်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ သိသလောက်တော့ သူတို့နှစ်ယောက်က ဗုံးစနက်တံကို စွဲထုတ်လိုက်လို့ ပေါက်သွားတယ်လို့ပြောတယ်။ အဲ့ဒီနှစ်ယောက်က အသက်လဲကြီးပြီ၊ အဲ့ဒီဗုံးက မကောင်းဘူးထင်ပြီး ဆော့လိုက်တာလား၊ ဘာလားတော့ ကျတော်လဲ သေချာမသိဘူး” ဟု ကုံးစုံကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူနှစ်ဦးသည် အသက် ၃၀အရွယ် ကိုကျော်ဇေယျဦးနှင့် အသက် ၃၂နှစ်အရွယ် ကိုဖိုးသားတို့ဖြစ်ပြီး အလောင်းများကို သီပေါမြို့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ရက်ကလည်း သီပေါမြို့နယ်၊ မန်ကောင်းရွာဒေသခံ အမျိုးသားတစ်ဦးသည် စစ်ကောင်စီထောင်ထားခဲ့သည့် မိုင်းနင်းမိပြီး သေဆုံးခဲ့သည့်အပြင် ဇန်နဝါရီ ခုနှစ်ရက်ကလည်း စံဖိတ်ကျေးရွာဒေသခံ ဦးအိုက်ဆိုင်သည် ၎င်းခြံအတွင်း မြက်ရှင်းရာမှ မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်တောက်ခဲ့ရသည်။
“ မြို့ပတ်ပတ်လည် နေရာအချို့မှာ တအာင်းတပ်က မိုင်းရှင်းလင်းရေးလုပ်ပေမဲ့ နေရာအစုံတော့ သူတို့မရှင်းနိုင်သေးဘူး။ ကျေးရွာတွေဘက်မှာရှိတဲ့ တောင်ယာ၊ လယ်ယာတွေ၊ တောတောင်တွေထဲမှာ မိုင်းမရှင်းနိုင်သေးဘူး။ မိုင်းရှင်းရေးနဲ့ ပတ်သက်ပြီး လှုပ်ရှားတာနည်းသေးတယ်။ ဒေသခံတွေအနေနဲ့ စစ်လက်နက်အကြွင်းအကျန်တွေကို ဂရုစိုက်ဖို့လိုတယ်။ ကိုယ်ထင်ရာမလုပ်တာ အကောင်းဆုံးပေါ့လေ၊ စစ်လက်နက်ပစ္စည်းတွေတွေ့ရင်လဲ သက်ဆိုင်ရာကို အရင်ဆုံးအကြောင်းကြားသင့်တယ်” ဟု သီပေါမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
သီပေါမြို့ကို ၂၀၂၄ခုနှစ်၊ အောက်တိုဘာ ၁၃ရက်တွင် TNLA ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ သိမ်းပိုက်နိုင်ခဲ့သော်လည်း TNLA တပ်ဖွဲ့က စစ်လက်နက်အကြွင်းအကျန် ပစ္စည်းများကို ရှင်းလင်းနိုင်မှု အားနည်းခြင်းနှင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကို ကြုံတွေ့နေရခြင်းကြောင့် ဒေသခံများအနေဖြင့် အခက်အခဲများစွာ ကြုံတွေ့နေရသည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းပြီးနောက် သီပေါမြို့ဒေသခံများသည် စစ်လက်နက်အကြွင်းအကျန်များကြောင့် ၂၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ရသည်။
ထို့ကြောင့် သီပေါမြို့အတွင်း အုပ်ချုပ်ရေးယန္တရားကိုဖော်ဆောင်နေသည့် TNLA အနေဖြင့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများနှင့် မြေမြှုပ်မိုင်းများကို ရှင်းလင်းမှုများနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန်အတွက် တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားမှုမရှိခဲ့ပေ။
ပြီးခဲ့သည့် ဇန်နဝါရီ နှစ်ရက်ကလည်း မူဆယ်မြို့နယ်၊ ပန်လုံရပ်ကွက်နေ အသက် ၁၉နှစ်အရွယ် နော်ဆိုင်းဆိုသူသည် တောအတွင်း ထင်းသွားခုတ်ရာမှ မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရသေးသည်။