By Mandy / MPA
စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်ရှိ ခမရ ၁၂၀သို့ စစ်ကောင်စီက Mi-17 ရဟတ်ယာဉ်အသုံးပြုပြီး လေးရက်ဆက်တိုက် ရိက္ခာဖြည့်တင်းမှုများ ပြုလုပ်နေကြောင်း ဒေသတွင်း သတင်းရင်မြစ်များထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ရက်မှ စတင်ကာ ၂၄ရက်နေ့အထိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်( မုံရွာ-နမခ)မှ ဝန်းသိုမြို့ ခမရ ၁၂၀ သို့ တစ်နေ့လျှင် ရဟတ်ယာဉ် နှစ်စင်းနှုန်းဆင်းသက်ပြီး ပစ္စည်းများ လာချပေးခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“ ပထမဆုံးတစ်ရက်က နှစ်ကြိမ်ဆင်းတော့ ရိက္ခာလာပို့တာပဲလို့ ထင်ပြီး စိတ်ထဲအေးဆေးဖြစ်နေတာ၊ ဒါပေမဲ့ တစ်ရက်ကို နှစ်စင်းနှုန်းနဲ့ လာနေတာ၊ ရက်ဆက်နေတော့ စဉ်းစားစရာဖြစ်လာပြီ၊ ကောလင်း၊ ဝန်းသိုဘက်မှာ ဘာတိုက်ပွဲမှ မရှိဘဲ အေးနေတာကြာပြီ ” ကောလင်းမြို့မှ ဒေသခံပြည်သူတစ်ဦးက ပြောသည်။
မုံရွာ နမခမှ ဝန်းသို ခမရ ၁၂၀ သို့ ဆင်းသက်သည့် ထောက်ပို့ ရဟတ်ယာဉ်များသည် တပ်ရင်းအတွင်း မိနစ်ပိုင်းမျှသာကြာပြီး ချက်ချင်းပြန်လေ့ရှိသည့်အတွက် စိုးရိမ်စရာတစ်ခုဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။
“ ဒီကောင်တွေ (စစ်ကောင်စီ)က ကန့်ဘလူ၊ ကောလင်း၊ ဝန်းသိုကို သူတို့နယ်မြေဖြစ်အောင် လုပ်ချင်နေတာထင်တယ်။ ကန့်ဘလူဘက်ကနေလည်း ဒီဘက်ကို စစ်ကြောင်းတိုးတိုးလာတယ်။ ကန့်ဘလူမြို့နယ်၊ ကောလင်းမြို့နဲ့ ဝန်းသိုမြို့နယ်က သူတို့နယ်မြေဘဲ၊ ဒါပေမဲ့ ကောလင်းနဲ့ဝန်းသိုက နယ်မြေတွေကိုတော့ သူတို့မစိုးမိုးနိုင်ဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်တုန်းပဲ ” ဟု ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ထို့ပြင် ဝန်းသိုမြို့နယ်အနီးရှိ ကန့်ဘလူမြို့နယ်သည် ဦးဝါသ၀လက်အောက်ခံ ပြည်သူ့စစ်များ သိမ်းပိုက်ထားသည့်ဒေသတစ်ခုဖြစ်ပြီး မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပိုင်းတွင်တည်ရှိသည့် ကန့်ဘလူမြို့၊ ကျွန်းလှမြို့၊ ချမ်ကြီးရွာ၊ ချပ်သင်းရွာ၊ ကိုးတောင်ဘို့ရွာ၊ ကောလင်းမြို့နှင့် ဝန်းသိုမြို့များတွင်လည်း ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်ဖွဲ့များက တပ်စွဲထားနိုင်ဆဲဖြစ်သည်။
“Mi 17 နေ့တိုင်းဆင်းတာနဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေကြားမှာ ဘယ်ကလာတာမှန်းမသိတဲ့ စစ်ရေးသတင်း ကောလာဟလတွေတော့ ရှိလာတာပေါ့၊ အခုချိန်မှာ ပြည်သူတွေအနေနဲ့ အရမ်းကြောက်လန့်မနေဖို့ရယ်၊ သတိ မပြတ်ရှိနေဖို့ရယ်တော့ လိုလာတာပေါ့” ဟု ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ယခင်က ဝန်းသို ခမရ ၁၂၀တွင် စစ်ကောင်စီအင်အား ၄၀၀ခန့်သာရှိသော်လည်း ရဟတ်ယာဉ်ဖြင့် မုံရွာ နမခ၊ ကန့်ဘလူ ၆၀၀၆ တပ်ရင်း၊ ရွှေဘို (စခတ ၈)တို့မှ စစ်သားများကို ဖြည့်တင်းထားမှုနှင့် ပင်လည်ဘူးမြို့မှ ဆုတ်ခွာလာသည့် စစ်သားနှင့် ၎င်းတို့ မိသားစုဝင် ၆၅၀ခန့်ရှိသောကြောင့် အင်အား တစ်ထောင်ကျော်ရှိနိုင်ကြောင်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။