By Nway / MPA
ဆေးရုံများကို ဦးတည်တိုက်ခိုက်နေသော စစ်ကောင်စီ၏ လုပ်ရပ်အား ပြင်းထန်စွာရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ( ဇန်နဝါရီ ၂၆ရက် ) သတင်းထုတ်ပြန်သည်။
ဇန်နဝါရီ ၂၅ရက်၊ မွန်းလွဲပိုင်းက စစ်ကောင်စီတပ်သည် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ CDM သူနာပြု ဆရာမကြီးတစ်ဦး၊ CDM ရုံးဝန်ထမ်း တစ် ဦးနှင့် အရပ်သား တစ်ဦးတို့ ကျဆုံးခဲ့ပြီး ဆေးရုံဝန်ထမ်းများ၊ CDM ကျန်းမာရေးဝန်ထမ်းများ၊ လူနာများအပါအဝင် အရပ်သား၂၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကျောက်မဲဆေးရုံတစ်ခုလုံး ထိခိုက်ပျက်စီးခဲ့ကြောင်း NUGကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ် ပြန်သည်။
“ မနေ့က ကျောက်မဲဖြစ်စဉ် ကြားကြားချင်း ကျန်းမာရေး CDMတစ်ဦးအနေနဲ့ စိတ်မကောင်းဖြစ်ရတယ်။ ကျဆုံးသွားသူတွေ ကောင်းရာရောက်ဖို့ တောင်းဆုပြုပါတယ်။ ဆေးရုံ၊ဆေးခန်းတွေ၊ စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာ ဂျီနီဗာကွန်ဗန်းရှင်းနဲ့လည်း မညီဘူး။ ဒါတွေကို နိုင်ငံတကာက မျက်ကွယ်ပြုထားတယ်။ လေတပ်ရဲ့အဓိကလိုဖြစ်နေတဲ့ လေယာဉ်ဆီဖြတ်တောက်ဖို့ကို ကျမတို့ ပိုပြီးအားစိုက်ဖို့လိုပါတယ်” ဟု မန္တလေးဆေးတက္ကသိုလ်ဆင်း CDM ဆရာဝန်တစ်ဦးက MPA ကို ပြောသည်။
ဇန်နဝါရီ ၂၂ရက် ညပိုင်းကလည်း စစ်ကောင်စီတပ်သည် ဘားအံမြို့နယ်၊ ဟတလက် (ဟာတရယ်) ကျေးနယ်အုပ်စု၊ ဖလံတောင်ဆေးရုံကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံထိခိုက်ပျက်စီးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများ အချိန်မီရှောင်တိမ်းနိုင်ခဲ့သောကြောင့် အသက်ဘေးမှ ကင်းလွတ်ခဲ့ရကြောင်းသိရသည်။
ကျဆုံးသွားသော CDM ကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူများ၏ မိသားစုများနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပြီး ဝန်ကြီးဌာနအနေဖြင့် အသက်ကိုပင် ပဓာနမထားဘဲ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်စွန့်ကြိုးပမ်းဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့်အတူ ခိုင်မာစွာ လက်တွဲရပ်တည်လျက်ရှိကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာန က ဆိုသည်။
မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍနှင့် အပြစ်မဲ့ပြည်သူများအပေါ် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို နိုင်ငံတကာအနေဖြင့် လျစ်လျူရှုမထားဘဲ ဖြစ်နိုင်သမျှနည်းလမ်းများအသုံးပြု၍ မြန်ဆန်ထိရောက်စွာ တားဆီးအရေးယူပြီး ထိခိုက်ခံစားနေရသည့် မြန်မာပြည်သူတို့ဘက်၌ စာနာရပ်တည်ပေးရန် အထူးလိုအပ်ကြောင်းလည်း ထုတ်ပြန်ထားသည်။




