By Nway / MPA
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းနှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်သား ၂၅ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၂၅ရက်၊ နံနက် ခြောက်နာရီခွဲခန့်တွင် မင်းတုန်းမြို့နယ်၊ တဇို့တုံကျေးရွာ နှင့် ဒေါင်းတိုက်ကျေးရွာကြား၌ စစ်ကောင်စီစစ်ကြောင်းနှင့် ပထမအကြိမ် ထိတွေ့တိုက်ပွဲ နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကြောင်းက အပြင်းအထန်ခုခံဆုတ်ခွာသွားကြောင်း ထို့နောက် နံနက်ဆယ်နာရီခန့်တွင် ငခူအိုးကျေးရွာ နှင့် ရွာပုလဲကျေးရွာကြား၌ ထပ်မံတိုက်ပွဲဖြစ်ပွားရာ တိုက်ပွဲကြာချိန် တစ်နာရီခွဲခန့်ရှိခဲ့ပြီး စစ်ကောင်စီစစ်ကြောင်း အထိနာခဲ့ကြောင်း သရက်ခရိုင်အမှတ်လေးတပ်ရင်းက ယနေ့ (ဇန်နဝါရီ ၂၆ရက်) မွန်းလွဲပိုင်း၌ သတင်းထုတ်ပြန်သည်။
” စစ်ကြောင်းကို အပြီးသတ်ဝင်လုံးနိုင်မယ့်အချိန်မှာ ရန်သူစစ်ကူ ၈၀ရောက်လို့ ပြန်ဆုတ်ခဲ့ရတယ်။ ဖြစ်နေတဲ့တိုက်ပွဲကလည်း ပုသိမ် – မုံရွာ လမ်းမဘေး။ မင်းတုန်းမြို့ ငါးမိုင်ဂိတ်နဲ့ဆို လေးမိုင်လောက်ပဲဝေးတယ်။ ကြီးကြီးမားမား သိမ်းဆည်းရမိခဲ့တာမျိုး မရှိဘူး။ တိုက်ပွဲတွင်း လက်ပစ်သီးတလုံးပဲ ရခဲ့တာရှိပါတယ်” ဟု သရက်ခရိုင်အမှတ်လေးတပ်ရင်း၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က MPA ကို ပြောသည်။
အင်အား ၅၀ကျော်ပါသော ယင်းစစ်ကြောင်းသည် ဇန်နဝါရီ ၂၂ရက်မှ စတင်၍ မင်းတုန်းမြို့နယ် ၊ မြောက်ပြင်ကျေးရွာ ဘုန်းကြီးကျောင်း၌ ဝင်ရောက် တပ်စွဲခဲ့ကြောင်း သိရသည်။
စစ်သားများသေဆုံးမှုကို မျက်မြင်တွေ့ရှိချက်များ၊ စကောက်ဒရုန်းဖြင့် ကြည့်ရှုခြင်းနှင့်ဒေသခံကင်းထောက်များ၏ သတင်းပေးပို့ချက်အရ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ပွဲများအတွင်းကာကွယ်ရေးရဲဘော်တစ်ဦး လက်နက်ကြီးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။
စစ်သားများသေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။