By Ra Wai / MPA
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၌ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူနှင့် PDFရဲဘော် ၁၇ဦးသေဆုံးခဲ့ကြောင်းသိရသည်။
ယနေ့ (ဇန်နဝါရီ ၂၆ရက်) နံနက် ရှစ်နာရီဝန်းကျင်တွင် မြင်းခြံမြို့နယ်၊ တလုတ် – ဆီးမီးခုံလမ်းပိုင်းပေါ်ရှိ ဆင်းဂွတ်ကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးသီးနှစ်လုံးကြဲကာ Mi -35 ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေး ရဲဘော်ထံက သိရသည်။
” ၁၇ယောက်လောက်သေသွားတယ်။ ပထမက ဗုံးနှစ်လုံးကြဲတာ။နောက် 35နဲ့ ပစ်တယ်။ စာသင်ကျောင်းထဲမှာ ရွာထဲမနေရဲတဲ့ ပြည်သူတွေ စာသင်ကျောင်းထဲ နေတာတွေ ရှိတာပေါ့ဗျာ။ မီးလောင်လို့ နေစရာမရှိလို့ နေတာ၊ ရွာအနီးနားမှာ အခက်အခဲရှိလို့ နေကြတဲ့ပြည်သူတွေရောပါတယ်။ ရဲဘော်တွေကလည်း စာသင်ကျောင်းထဲမှာ သွားတာလာတာ အနည်းငယ်တော့ရှိမယ်ထင်တယ်” ဟု ဒေသတွင်းတော်လှန်ရေးရဲဘော်တစ်ဦးက MPAသို့ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် အများအပြားဒဏ်ရာရရှိပြီး ကျောင်းဆောင်များလည်း ပျက်စီးမှုရှိကြောင်းသိရသည်။
“ ကျောင်းဆောင်နှစ်ဆောင်ရဲ့အလယ်ကိုကျတာ။ တချို့ဆိုလို့ရှိရင် ခန္ဓာကိုယ်ရဲ့ အပိုင်းအစတွေက ကျောင်းဆောင်ပေါ်မှတင်နေတဲ့ အထိကိုရှိတယ်။ တချို့ဆို ရုပ်မပီတာတွေထိရှိတယ်။ ဒဏ်ရာရတဲ့သူတွေထဲမှာလည်း အနည်းငယ်စိုးရိမ်ရတဲ့သူတွေလည်းကျန်သေးတာပေါ့။ နောက်ဆက်တွဲအခြေအနေကတော့ ပြောဖို့ခက်တာပေါ့” ဟု ၎င်းကဆက်လက်ပြောသည်။
ဒဏ်ရာရသူများကို ဆေးကုသမှုပေးနေကြောင်းသိရသည်။