By Jar Seng / MPA
ရခိုင်ပြည်နယ်မြို့တော်၊ စစ်တွေမြို့တွင် စစ်ကောင်စီက ပြည်သူများကို အကြောင်းမဲ့ဖမ်းဆီးမှုများ ခပ်စိပ်စိပ်ပြုလုပ်လာပြီး ဖမ်းဆီးနှိပ်စက်မှုများကြောင့် သေဆုံးသူများလည်းရှိနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်း စစ်ရှုံးနေရသည့် စစ်ကောင်စီသည် ယခုနှစ်(၂၀၂၅ခုနှစ်)၊ ဇန်နဝါရီလဆန်းပိုင်းမှ စတင်ကာ စစ်တွေမြို့ရှိ အရပ်သားပြည်သူများကို AA နှင့် ပတ်သက်ဆိုသည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးမှုများပြုလုပ်ခြင်းနှင့် သတ်ဖြတ်မှုများပြုလုပ်နေခြင်းကြောင့် ဒေသခံများ စိုးရိမ်လျက်ရှိနေသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ရက်က စစ်တွေမြို့၊ စံပြရပ်ကွက်တွင်နေထိုင်သည့် အသက် ၅၀ အရွယ်၊ ကိုကျော်လင်းအား AA အဖွဲ့နှင့် ပတ်သက်သည်ဟု စစ်ကောင်စီက အကြောင်းပြဖမ်းဆီးခဲ့ပြီး စစ်တပ်၏ နှိပ်စက်မှုကြောင့် သေဆုံးခဲ့ကြောင်း ဖြစ်စဉ်အားသိရှိသည့် ဒေသခံတစ်ဦးက ပြောသည်။
“ ပြီးခဲ့တဲ့ ၁၉ရက်နေ့က အဲ့ဒီအကို ရွာကနေအပြန် လမ်းမှာ စစ်သားတွေ ဖမ်းသွားတာ၊ နောက်တစ်နေ့မနက်မှာ အဲ့ဒီဦးလေးကို မိသားစု လိုက်စုံစမ်းတော့ သေပြီလို့ပဲကြားတယ်။ အလောင်းကိုလည်း စစ်ကောင်စီတပ်သားတွေက မီးရှို့ သင်္ဂြိုဟ်လိုက်တယ်လို့ ပြောတယ် ” ဟု ကိုကျော်လင်း မိသားစုနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် ဇန်နဝါရီ ၂၂ရက်ကလည်း စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်၌ နေထိုင်သည့် အသက် ၄၀အရွယ် လင်မယားနှစ်ဦးကို အကြောင်းပြချက်မရှိဘဲ ရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့ကြောင်း ဒေသခံများကဆိုသည်။
လက်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် လင်မယားနှစ်ဦးကို စစ်တွေမြို့၊ အမှတ် ၁ ရဲစခန်း၌ ဖမ်းဆီးထားပြီး မေးမြန်းမှုများပြုလုပ်နေသည်ဟု မျက်မြင်တွေ့ရှိခဲ့သူ စစ်တွေဒေသခံတစ်ဦးက ပြောသည်။
“ ဟိုတစ်နေ့က ညနေပိုင်းလောက်မှာ ရဲတွေလာပြီးတော့ ကိုမိုးနဲ့ မသက်ဝင်းတို့ကို ဖမ်းသွားကြတယ်။ ရဲအင်အား ဆယ်ယောက်လောက်ရှိတယ်။ အခုထိရဲစခန်းမှာ ဖမ်းထားသေးတယ် ” ဟု ၎င်းက ပြောသည်။
အလားတူ ဇန်နဝါရီ ၁၃ရက်၊ ည ကိုးနာရီခန့်တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် များသည် စစ်တွေမြို့၊ မကျည်းမြိုင် ရပ်ကွက်မှ လူငယ်တစ်ဦးကို ဖမ်းဆီးခဲ့သည့်အပြင် ဇန်နဝါရီ ၁၀ရက်ကလည်း စက်ရုံစုရွာ၊ သာယာရပ်ကွက်မှ အသက် ၂၅နှစ်အရွယ် မောင်ဇော်လင်းထွန်းကိုလည်း ဖမ်းဆီးခဲ့သေးသည်။
ရခိုင်ပြည်နယ်အတွင်း စစ်ရှုံးနေသည့် စစ်ကောင်စီသည် ၎င်းတို့ ထိန်းချုပ်ထားသည့် မြို့နယ်များမှ ဒေသခံများကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးမှုများနှင့် နှိပ်စက်မှုများ ပိုမိုပြုလုပ်လာသည့်အပြင် နှိပ်စက်မှုကြောင့် သေဆုံးသူများကိုလည်း အလောင်းဖျောက်မှုများ ရှိလာကြောင်း ဒေသခံများက ဆိုသည်။
ထိုကဲ့သို့ စစ်ကောင်စီက အရပ်သားပြည်သူများကို အကြောင်းမဲ့ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများသည် စစ်ရာဇဝတ်ပြုလုပ်နေမှုများဖြစ်သည့်အတွက် ဒေသခံများအနေဖြင့် အထူးသတိထားနေထိုင်ရန်နှင့် စစ်ရေး အသိ၊ သတိ အမြဲရှိရန် ပြင်ဆင်ထားသင့်ကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးက မှတ်ချက်ပြုသည်။
“ စစ်ကောင်စီအနေနဲ့ သူတို့ရှုံးနေတာကို လက်မခံဘဲ အပြစ်မဲ့ အရပ်သားပြည်သူတွေကို လူမဆန်စွာ ဖမ်းဆီး၊ သတ်ဖြတ်နေတာတွေဟာ စစ်ရာဇဝတ်မှုကို ပေါ်တင်ကျူးလွန်နေတာ ဟိုးအရင်ကတည်းကပဲ၊ စစ်ကောင်စီထိန်းချုပ် နယ်မြေတွေမှာ နေကြတဲ့ ပြည်သူတွေအနေနဲ့လည်း စစ်ရေအသိနဲ့ ပြင်ဆင်နေကြဖို့ အကြံပြုပြောချင်ပါတယ် ” ဟု ၎င်းက ပြောသည်။
၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၁၃ရက်မှ စတင်ကာ ရခိုင်ပြည်နယ်တွင် စတင်ခဲ့သည့် တိုက်ပွဲများအတွင်း အရှုံးဖြင့် ရခိုင်နေရသည့် စစ်ကောင်စီသည် ၎င်းတို့ ဆုံးရှုံးခဲ့ရသည့် နယ်မြေများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကြောင့် အရပ်သားပြည်သူများသည် နေ့စသ် သေဆုံးမှုများတိုးပွားလျက်ရှိသည်။
ULA/ HDCOက ပြုစုထားသည့် စာရင်းအရ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၁၃ရက်မှ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာ ၁၃ရက်အထိ စစ်ကောင်စီကြောင့် ရခိုင်ပြည်နယ်တွင် ဖမ်းဆီးခံရသည့် အရပ်သား ၇၄၉ ဦး၊ သတ်ဖြတ်ခံရသူ ၇၃၅ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၅၆၉ ဦးရှိကြောင်းသိရသည်။
လက်ရှိ AA အနေဖြင့် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇မြို့နယ်အနက် ၁၄မြို့နယ်ကို အပြီးသတ် သိမ်းပိုက်ထားပြီး စစ်ကောင်စီထိန်းချုပ်ထားသည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့များတွင် စစ်ရေးတင်းမာလျက်ရှိကြောင်း သိရသည်။