By Bala / MPA
TNLA သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးနှစ်လုံးကြဲချခဲ့ရာ CDM ကျန်းမာရေးဝန်ထမ်းဆရာမအပါအဝင်ပြည်သူနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ (ဇန်နဝါရီ ၂၅ရက်) မွန်းလွဲ၁နာရီ၂၅မိနစ်နှင့် ၁နာရီ၂၉မိနစ်ခန့်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။
“ နှစ်လုံးလုံး ဆေးရုံပေါ်ကိုကြဲတာပါ။ဗုံးက နှစ်လုံးပါ၊အနည်းဆုံးနှစ်ယောက်သေပါတယ်။CDMဆရာမတွေကောပါပါတယ်။မြင်လို့ပြောပြတာပါ” ဟု ကျောက်မဲမြို့သတင်းရင်းမြစ်က MPAသို့ပြောသည်။
အာဏာသိမ်းကာလအတွင်း စစ်ကောင်စီ တည်ဆောက်ထားသော ကျောက်မဲပြည်သူ့ဆေးရုံရှိ အရေးပေါ်ကုသဆောင်မှာ ဗုံးထိမှန်ပြိုကျခဲ့ပြီး ကိုယ်ဝန်ဆောင်အပါ ပြည်သူ ၁၂ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ ထိခိုက်တဲ့သူတွေများတယ်။ မင်းအောင်လှိုင်လက်ထက်မှာ အသစ်ဆောက်ထားတဲ့အရေးပေါ် ကုသ ဆောင်အနီကြီး ပြိုသွားတယ်။သားဖွားဆောင်လည်း ထိတယ် ” ဟု ၎င်းက ပြောသည်။
ဗုံးကြဲမှုကြောင့် ထိခိုက်မှုအခြေအနေကို ဆက်လက်ဖော်ပြမည်ဟု TNLA က ထုတ်ပြန်ထားသည်။
TNLAသိမ်းပိုက်ထားသော နောင်ချိုမြို့ကို ဇန်နဝါရီ၂၂ရက်နှင့် ၂၁ရက်တို့တွင် စစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ရာ ပြည်သူကိုးဦးသေဆုံးခဲ့သေးသည်။