By Poe Sangle / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ မန်ကောင်းရွာဒေသခံ လူငယ်အမျိုးသားငါးဦးကို ကချင်တပ်မတော် (KIA)က ဖမ်းဆီးပြီးနောက် တပ်သားသစ်အဖြစ် စုဆောင်းခဲ့ကြောင်း မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။
မန်းကောင်ရွာခံ အမျိုးသားငါးဦးသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ရက်က တရုတ်နယ်စပ် ဖြတ်သန်းသွားလာခွင့် စာအုပ်ပြုလုပ်ပြီး အပြန် နမ့်ခမ်းမြို့၊ မန်မြိုင်ကျေးရွာအနီး၌ KIA ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။
ထိုကဲ့သို့ ဖမ်းဆီးခံရသည့် မန်ကောင်ရွာခံ အမျိုးသားငါးဦးကို KIA က စစ်ဆေးမေးမြန်းမှုများပြုလုပ်ပြီးနောက် နှစ်ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ကျန်အမျိုးသား သုံးဦးကို တပ်သားသစ်အဖြစ် စုဆောင်းခဲ့ခြင်းဖြစ်သည်ဟု တပ်သားသစ်အဖြစ် စုဆောင်းခံခဲ့ရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။
“ တရုတ်ဘက်သွားဖို့ စာအုပ်သွားလုပ်တာ၊ သူတို့ပြန်လာတော့ မန်မြိုင်မှာ စစ်ဆေးခံရပြီးဖမ်းသွားတာ၊ နှစ်ယောက်ကို ပြန်လွှတ်ပေးတယ်။ ကျန်တဲ့သုံးယောက်ကိုတော့ တာဝန်ထမ်းဆောင်ရမယ်တဲ့၊ ပြန်လွတ်လာတဲ့ နှစ်ယောက်ကလည်း ရောဂါအခံရှိနေလို့ ပြန်လွတ်လာတာ “ ဟု ၎င်းက ရှင်းပြသည်။
လက်ရှိ KIA က တပ်သားသစ်စုဆောင်းထားသူ သုံးဦးသည် မံစီမြို့နယ်၊ မန်ဝိန်းကြီး တစ်နေရာ၌ ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
၂၀၂၅ခုနှစ်၊ ဇန်နဝါရီ ပထမပတ်မှ စတင်ကာ KIA တပ်များသည် မံစီမြို့နယ်၊ မန်ဝိန်းကြီး ဂိတ်၌ ဒေသခံများကို စစ်ဆေးမေးမြန်းပြီး လူသစ်စုဆောင်းမှုများ ပြလုပ်နေခြင်းဖြစ်ကာ တပ်သားသစ်စုဆောင်းခံရသူများသည် ရှမ်း၊ ပလောင်၊ ကချင်တိုင်းရင်းသားများအပြင် တရုတ်များလည်းပါဝင်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ ကျတော်တို့ မူဆယ်မှာ စာအုပ်လုပ်ပြီး အပြန်လမ်းမှာ ဖမ်းခံရတာ၊ နမ့်ခမ်းဒေသခံလို့ ပြောလည်းမရဘူး။ အကုန်ခေါ်သွားတယ်။ ပြီးတော့ ကျတော်တို့ကို စစ်တယ်။ တအာင်းတပ်မှာ သွားတဲ့ညီကိုရှိလား မရှိဘူးလားမေးတယ်။ မရှိရင် သူတို့ဆီမှာ တပ်သားလုပ်ရမယ်တဲ့၊ ရိုက်နှက်တာတော့မရှိဘူး။ တစ်ရက်ကို ထမင်းနှစ်နပ်တော့ ကျွေးတယ် ” ဟု KIA ဖမ်းဆီးမှုမှ ပြန်လည်လွတ်မြောက်လာသည့် အမျိုးသားတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ လက်ရှိအချိန်ထိ KIA ကဖမ်းဆီးပြီး စစ်သင်တန်းတက်ရောက်ခိုင်းသည့် သင်တန်းသား ၆၀ကျော်ရှိပြီး အဆိုပါသင်တန်းသားများအနက် ၁၀ ဦးခန့်သည် အမျိုးသမီးများဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
ထိုကဲ့သို့ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း KIA က တပ်သားသစ်စုဆောင်းနေမှုနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန်အတွက် KIO/KIA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကို ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
KIA၏ တပ်သားသစ်စုဆောင်းရေး ပေါ်လစီ၌ မြန်မာနိုင်ငံအတွင်း နေထိုင်သည့် အသက် ၁၈နှစ်ပြည့်ပြီးသူတိုင်းကို တပ်သားသစ်အဖြစ် စုဆောင်းနိုင်သည်ဟု ဖော်ပြထားသည်။
လက်ရှိ မန်ဝိန်းကြီးဒေသအပြင် နမ့်ခမ်းမြို့အတွင်း KIA နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တို့က တပ်သားသစ်စုဆောင်းမှုများကြောင့် ဒေသခံများအနေဖြင့် အခက်အခဲများစွာကြုံတွေ့နေရကြောင်းသိရသည်။