By Bala / MPA
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်အတွင်းသို့ နှစ်ဆင့်ကွဲတာဝေး ပစ်လက်နက်ကြီးဖြင့် စစ်ကောင်စီတပ်က ပစ်ခတ်နေသဖြင့် ပြည်သူ့နေအိမ်နှင့် အရပ်သားထိခိုက်မှုများရှိနေကြောင်း သိရသည်။
မိုးဗြဲမြို့နယ်အနောက်ဘက်ခြမ်းရှိ လင်ဖုန်၊ဘာဒိုအနောက်ဘက်ခြမ်းနှင့် ကဖုရွာတို့သို့ ဇန်နဝါရီ၂၃ရက်၊နံနက်ပိုင်းမှစတင်ကာ ဇန်နဝါရီ၂၄ရက်အထိ လက်နက်ကြီးဖြင့် ပစ်ခတ် ခဲ့ရာ ကဖုကျေးရွာရှိ နေအိမ်ငါးလုံးထက်မနည်း လက်နက်ကြီးထိမှန် ပျက်စီးခဲ့ပြီး ပြည်သူ သုံးဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
“ဒီနေ့ (ဇန်နဝါရီ ၂၅ရက်) တော့ ငြိမ်နေသေးတယ်။၂၃ရက်နေ့ မနက် ၁၀နာရီကျော်ကနေစပစ်နေတာပေါ့၊မနေ့ညကလည်း ပစ်တယ်” ဟု ၎င်းက MPAသို့ ပြောသည်။
လွိုင်ကော်မြို့အခြေစိုက် ခလရ ၅၄တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့နံနက် ကိုးနာရီစစ်ရေးသတင်းများအရ မိုးဗြဲမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲများ ယာယီငြိမ်သက်လျက်ရှိပြီး စစ်ကောင်စီတပ်က ဒရုန်းများဖြင့် ကင်းလှည့်လျက်ရှိကြောင်း သိရသည်။
ဇန်နဝါရီကိုးရက်မှ စတင်ပြီး မိုးဗြဲမြို့နယ်အခြေစိုက် ခလရ ၄၂၂အနီးရှိ သရက်ခြံကုန်းအနီးတွင် စစ်ကောင်စီတပ်က အထိုင်ချကာ မိုးဗြဲမြို့အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ရာမှ တိုက်ပွဲများစတင်ခဲ့ခြင်းဖြစ်ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ တိုက်ပွဲဖြစ်နေတာက နှစ်ပတ်ကျော်ပြီ။မိုးဗြဲမြို့ထဲကို စစ်ကြောင်းထိုးဖို့ ၄၂၂တပ်ရင်းကနေ ထွက်လာတဲ့ စစ်သားတွေ ပြည်သူ့စစ်တွေနဲ့ တိုက်ပွဲဖြစ်နေတာပါ။ PNO (ပအို့ဝ်ဖြူ) တွေတော့ ပါတာမတွေ့ရသေးဘူး၊သင်တန်းဆင်းလာတဲ့ ပြည်သူ့စစ်တွေချည်းပဲ။သူတို့က ၄၂၂နားက သရက်ခြံနဲ့ ထုံးဖိုဘက်မှာ တပ်စွဲထားတယ်။မိုးဗြဲမြို့အစပ်တွေမှာတော့ ထိတွေ့မှုတွေခဏခဏရှိနေတယ်ပေါ့” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် မိုးဗြဲမြို့နယ်အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်ကျေးရွာများကို ဘေးကင်းလုံခြုံရာအရပ်သို့ ရွှေ့ပြောင်းကြရန် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက သတိပေးထားကြောင်း မိုးဗြဲမြို့နယ်၊အရှေ့ဘက်ခြမ်းရှိစစ်ရှောင်ပြည်သူအချို့ထံက သိရသည်။