By Maung Dagon /MPA
မယဥ်မေဆီမှာ ထမင်းပေါင်းအိုးလေး တစ်လုံးရှိသည်။ စလယ်ဝင်အိုးဟု ဆိုလို့မရသော်လည်း သူမ ခင်ပွန်း ရှင်သန်ခဲ့စဥ် ကတည်းက ရှိခဲ့သည့် ပေါင်းအိုးလေး ဖြစ်သည်။
ရွှေတောင်ကြီး ပြိုခဲ့ပြီးသည့်နောက် မယဥ်မေ သားနှင့် သမီး၏ လက်ကို ဆွဲကာ တစ်နေရာမှ တစ်နေရာ ပြောင်း ရွှေ့နေထိုင်ခဲ့ရသည်။
မည်သည့် နေရာကိုပဲ ပြောင်းရွှေ့စေကာမူ မယဥ်မေ ပြောင်းရွှေ့ခဲ့သမျှ အခန်းကျဥ်းလေးများထဲ၌ ထမင်းပေါင်းအိုးလေးကို နေရာ တစ်နေရာတော့ ပေးထားရစမြဲ ဖြစ်သည်။
“ အမျိုးသား ရှိတုန်းက မီးတွေကလည်း ပုံမှန်ရနေပြီလေ၊ အဲ့ဒါနဲ့ မီးသွေးဖို မသုံးတော့ဘူးပေါ့၊ ပေါင်းအိုးရယ် လျှပ်စစ်မီးဖိုရယ် ဝယ်ဖြစ်ခဲ့တာ၊ ကြာခဲ့ပါပြီ” ဟု မယဥ်မေက ထမင်းပေါင်းအိုးလေး၏ နောက်ကြောင်း ရာဇဝင်ကို ရှင်းပြသည်။
မယဥ်မေ ငယ်စဥ်က ထမင်းပေါင်းအိုး ဖြင့် သူမ၏ မိခင် ထမင်းချက်သည်ကို မမြင်ဖူး မကြုံဖူးခဲ့ပေ။ မီးသွေးမီးဖို၌ အကျအနတင်ကာ ရေငှဲ့ချက်ရသည်သာ ဖြစ်သည်။ ထမင်းရေကို သကြားဖြင့် ရောကာ သောက်ရသည်ကို မယဥ်မေ ကြိုက်နှစ်သက်သည်။
ယခု ထမင်းပေါင်းအိုးဖြင့် ချက်ရသည်ကတော့ ရေခမ်း ချက်ရသည်ဖြစ်၍ ထမင်းရည် ငှဲ့ရန် မလို၊ ပလပ်ထိုး၍ ထားထား လိုက်ရုံသာ ဖြစ်သည်။ အဆိုပါ ထမင်းပေါင်းအိုးသည် အခန်းကျဥ်းထဲ နေထိုင်သည့် မယဥ်မေ တို့ မိသားစုဝင် သုံးဦးအတွက် ဆန်မှ ထမင်းသို့ အချိန် သက်သာစွာ ဖြစ်စေနိုင်သည့် တစ်ခုတည်းသော စက်ပစ္စည်း ဖြစ်သည်။
မယဥ်မေ မနက် အလုပ်မသွားမီတွင် သားနှင့် သမီးဖြစ်သူ အတွက်အပြင် ၎င်းအတွက်ပါ ဆန် သုံးလုံးထည့်၍ အဆိုပါ ထမင်းပေါင်းအိုးဖြင့် ထမင်းချက်သည်။ တစ်လက်စတည်း ယမန်နေ့ ညနေကတည်းက ကြိုတင်ပြင်ဆင်ထားသည့် ဟင်းလျာအား ချက်ပြုတ်သည်။
ယမန်နှစ်၊ ဒီဇင်ဘာလအထိ နံနက် ငါးနာရီ မီးပြတ်သည့် ရက်မျိုး၌သာ သူမအတွက် နံနက် လေးနာရီထကာ ပုံမှန်အိပ်ရာထချိန်ထက် စောထရသည်သာ ရှိသည်။
စောစော အိပ်ရာဝင်တတ်၍ နံနက်လေးနာရီက ပုံမှန် နိုးထလည်း သူမအတွက် တစ်နေ့တာအတွင်း ပင်ပန်းနွယ်နေမည်ကို ပူပင်ရန် မလိုအပ်လှပေ။
ယခုတော့ ထိုသို့ မဟုတ်တော့။
“ အရင်က ညဘက်ဆို ပုံမှန် လာသေးတော့ မနက် ရုံးမသွားခင် ငါးနာရီလောက်ထ ချက်ပြုတ်လိုက်ရုံပဲ၊ အခုနောက်ပိုင်း မနက် ငါးနာရီ ပျက်တာတွေ ရှိလာတော့ လေးနာရီလောက် ထပေါ့။ ချက်ပြုတ်ပြီး ဘုရားရှိခိုးတာနဲ့ဆို မပင်ပန်းဘူးလေ ရသေးတယ်” ဟု မယဥ်မေက ဆိုသည်။
ယခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ တစ်ရက်လျှင် ၁၆နာရီ မီးဖြတ်ကာ ရှစ်နာရီသာ ဓာတ်အားရတော့မည်ဟု ရန်ကုန်မြို့လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ကြေညာခဲ့သည်။ မကြေညာမီကပင် မီးပြတ်ချင်သလိုပြတ်၍ လာချင်သလိုလာသည်။
မီးလာ၍ ထမင်းပေါင်းအိုးအတွင်း ဆန်ထည့်ကာ တည်ထားပြီးမှ မီးပျက်သွားသည့်အတွက် ထမင်းဖြစ်မလာတော့ဘဲ ဆန်များ ပျက်သွားသည်မှာ အကြိမ်ကြိမ်ပင် ဖြစ်ခဲ့သည်။
ထမင်းသည် အပြင်ဆိုင်များ၌ ဝယ်ပါက တစ်ယောက်စာ ဝသည်ဆုံရုံမျှအတွက် ကျပ်တစ်ထောင်ဖိုး ဝယ်မှ ရသည်။
ထမင်းဝယ်စားရပါက သုံးနပ်စာအတွက် မိသားစု သုံးယောက်စာ ကျပ် တစ်သောင်းနီးပါးမျှ ကုန်ကျလေသည်။
“ ထမင်းဖြူက ငါးရာဖိုးဆို နည်းနည်းလေးပဲ ရတော့တယ်။ စားရတာ မ ဝ ဘူး။ တစ်ထောင်ဖိုးလောက်မှ ပုံမှန် တစ်နပ်စာ လောက်ရတာ။ မီး လာမယ်ထင်ပြီး မလာလို့ ထမင်းမချက်လိုက်ရတဲ့ရက် ဝယ်စားရပြီဆို နှစ်ထောင်ဖိုးလောက်ဝယ်မှ သုံးယောက် စားလောက်တာ” ဟု မယဥ်မေက ပြောပြသည်။
ထမင်းပေါင်းအိုးလေး ရှိနေခြင်းကြောင့် မယဥ်မေတို့ မိသားစု သုံးရက်ကို ဆန်တစ်ပြည် စား၍ လောက်နေခဲ့ရသည်။
အလှည့်ကျ ပြတ်သည့်ရက်ထဲ ညတစ်နာရီမှ မနက် ကိုးနာရီထိ ရှစ်နာရီ ပြတ်သည့် အလှည့်မျိုးတွင်တော့ နေ့လည်စာ တစ်နပ်တော့ မဖြစ်မနေ ဝယ်စားရတော့သည်။
ညဦးပိုင်း မီး မပြတ်ခင်ကတည်းက တည်ထားသည့် ထမင်းက နေ့ခင်းလောက်ထိ မသိုးဟု အာမခံချက် မရှိပေ။
ထမင်းပေါင်းအိုးလေးက ယခင်ကတော့ နံနက်ခင်းတွင်သာ ချက်ပြုတ်ရန် အသုံးပြုရသည်။ယခုတော့ မီးလာသည့် အချိန် ဆိုသည်နှင့် ပြေး၍ ကိုင်နေရသည်။ အချိန်မရွေး ပြန်ပျက်သွားနိုင်သဖြင့် ထမင်းအိုးတည်ရန်က ဦးစားပေး အလုပ်ဖြစ်လာသည်။
“ မီးလာတာနဲ့ ထမင်းအိုး အရင်ပြေးတည်ရတာပဲ၊ မနက်မီးပျက်တဲ့ ရက်တွေကတော့ ဟင်းပဲထည့်သွား ထမင်းဝယ်စားရတာပေါ့၊ ည မီးလာချိန် ချက်ထားတာဆိုတော့ တစ်ခါတစ်ခါ သိုးတတ်လို့ ထည့်မသွားတော့ဘူး” ဟု မယဥ်မေက ဆိုသည်။
မယဥ်မေတို့ ငှားနေသည့် အိမ်ခန်းလေးက ဆယ်ပေ-ပေနှစ်ဆယ် အခန်းကျဥ်းလေး တစ်ခုဖြစ်သည်။ အိမ်ငှားခက တစ်သိန်းခွဲမျှ ကျသည်။ မယဥ်မေက လစာ လေးသိန်းကျပ်မျှသာ ရသဖြင့် ရေဖိုး၊ မီးဖိုး ဖယ်ပြီးပါက စားစရိတ်အတွက် နှစ်သိန်းကျပ်မျှ သုံးနိုင်သည်။
ထမင်းပေါင်းအိုးလေးဖြင့် သုံးရက်ကို ဆန်တစ်ပြည်နှုန်း တစ်ရက် ထမင်းဖိုး ကျပ်နှစ်ထောင်ဝန်းကျင်သာ ရှိသဖြင့် အပြင်မှ ဝယ်စားရသည့်အခါများထက် လေးဆမက သက်သာသည်။
ကြက်သား ငါးထောင်ဖိုးက မိသားစု သုံးယောက် တစ်နေ့စာ အဆင်ပြေစွာ စားနိုင်သဖြင့် အသားဟင်းဖြင့် ဆိုလျှင်ပင် တစ်ရက် ခုနှစ်ထောင်ကျပ်မျှ ကုန်ကျနိုင်သည်။
ရက်အများစုကတော့ အရွက်များများရောထားသည့် အသား တစ်စွန်းစ နှစ်စွန်းစပါ ဟင်းလျာများဖြစ်သဖြင့် တစ်ရက် ကျပ်လေးထောင်မပြည့်ဘဲ အိမ်စားစရိတ်ကို ချွေတာနိုင်သည်။
ကလေးကျောင်းစရိတ်နှင့် မုန့်ဖိုးများအတွက် ချန်ရသေးသည်။ တစ်လ အတွက် စားစရိတ်က တစ်သိန်းခွဲကျပ်လောက်ပင် ကုန်ကျ၍ မဖြစ်ပေ။
“ စားစရိတ်က တစ်လ တစ်သိန်းခွဲ ထန်ကုန် သုံးမှရမယ်။ ကျောင်းစရိတ်နဲ့ မုန့်ဖိုးက မပေးလို့ မဖြစ်ဘူး။ ကလေးတွေ ပညာတတ်ဖို့ လိုတယ်။ တစ်ရက် ငါးထောင်ထက် စားစရိတ်ပိုမကုန်ဖို့ တွက်ချက်ပြီး ချက်ရတာပေါ့” ဟု မယဥ်မေက သူမ၏ ချွေတာရေး လမ်းစဥ်ကို ရှင်းပြသည်။
ထို့ကြောင့် အိပ်စက်ချိန် များအား သတိဖြင့် နိုးကြားစွာနေမှ ဖြစ်မည့် အခြေအနေ ဖြစ်လာသည်။ မီးလာသည့် အချိန် ချက်ပြုတ်နိုင်မှသာ သူမအတွက် အဆင်ပြေနိုင်သည်။ အကြွေးနွံ မနစ်ချင်၊ နွမ်းပါးသော်ငြား ချေးငှားရသည်ကို သူမ မနှစ်သက်ပေ။
အိပ်ရေးပျက်များ၍ အလုပ်ခွင်၌ ပို၍ ပင်ပန်းသည်။ အိပ်ငိုက်၍ မဖြစ်သည့် အလုပ်တာဝန် ဖြစ်သဖြင့် မျက်လုံးများအား ဆန္ဒပြင်းစွာဖြင့် ငိုက်မသွားစေရန် တောင့်ခံထားရသည်။
အလုပ်ပြန်ချိန် အိမ်ပြန်ရောက်တော့ အမှောင်ထုကြားထဲ စိတ်ချလက်ချ အိပ်စက် အနားယူရန်လည်း မဖြစ်နိုင်သေး။
မီးလာသည် အချိန် ချက်ပြုတ်ရန်၊ ဖုန်းအားသွင်းရန် အစရှိသဖြင့် ရှိသမျှ လျှပ်စစ် ပစ္စည်းများကို အားသွင်းရန် ရှိသေးသဖြင့် စောင့်ရဦးမည် ဖြစ်သည်။
“ အိပ်ငိုက်လို့က မရဘူး။ မျက်လုံး အတင်းပြူးထားရတယ်။ ပိုပင်ပန်းတယ် အလုပ်မှာ၊ အိမ်ပြန်ရောက်ရင် မီးကပျက်နေ အမောကို ဆို့သွားတာပဲ။ အိပ်ပစ်လို့လည်း မရဘူး။ မီးလာတာ စောင့်ရသေးတယ်” ဟု မယဥ်မေက မီးပျက်ချိန် ခံစားရသည့် စိတ်အခြေအနေအား ပြောပြသည်။
ထိုသို့ အလုပ်ပြန် အိမ်ရောက်ချိန် မီးပျက်ပါက မယဥ်မေ နွမ်းနယ်စွာဖြင့်ပင် အားသွင်းမီးလုံး ထွန်းကာ အားမကုန်မီ ချက်ပြုတ်ရေးအတွက် ပြင်ဆင်ရသည်။ ထမင်းပေါင်းအိုးလေးထဲ ဆန်များကြိုထည့်သည်။ ကြက်သွန်ဖြူ၊ ငရုတ်သီး အစရှိသဖြင့် နွှာရသင်ရ လှီးရသည်။ အားသွင်းမီးလုံး အားမကုန်မီ အလုပ်များအားလုံး ပြီးဆုံးရန် လိုအပ်သည်။အချိန်မမီပါက အမှောင်ထဲ ဆက်လုပ်ရန်သာ ရှိသည်။
ထို့နောက် အလုပ်၌ အားသွင်းလာသည့် ဖုန်းအား ထုတ်၍ အမှောင်ထဲ၌ မီးလာမည်ကို စောင့်ရသည်။ ဖေ့စ်ဘွတ် ပေါ်က သတင်းများ၌ အာဏာသိမ်း စစ်ဗိုလ်ချုပ်က ဆိုလာစနစ်ဖြင့် မီးပေးမည်ဟု ပြောကြောင်းများကို ဖတ်ရသည်။
အမှောင်ထဲ၌ အဆိုပါ စစ်ဗိုလ်ချုပ်အား ကျိန်ဆဲသည်။ မီတာခများက မီးမလာသော်လည်း မလျော့သွား၊ တစ်နေ့တစ်ခြား ပို၍ ဆင်းရဲကျပ်တည်းလာသည်။ အဆိုပါ စစ်ဗိုလ်ချုပ်၏ ဇနီးသည် ကျပ် သိန်းထောင်ကျော်တန် လက်ကိုင်အိတ်များကို ဆင်မြန်းထားသည်။
အိမ်စရိတ် တစ်ရက် နှစ်ထောင်ကျပ်မျှ ချွေတာနိုင်ဖို့ သူမ မအိပ်စက်နိုင်သေး။ မနက် အလုပ်သွားရဦးမည်။ ကုန်စျေးနှုန်းနှင့် အပြိုင် ရုန်းကန်ရဦးမည်။ ဆီတိုးရသည့် ရက်မျိုး အလုပ်က ခွင့်ယူရသည်က လစာဖြတ်ခံရသည်ထက် ဆီဖိုးက ပိုသက်သာမည်လား တွက်ချက်ရသည်။ ကြက်သွန်ဖြူ ကို အမွှာလိုက် ရေတွက်၍ ဟင်းချက်ရသည်။
အင်တာနက်အား VPN ခံသုံးနေရသည့် အပြင် VPN ပါ ဝယ်သုံးနေရသည်။ အာဏာသိမ်း စစ်ဗိုလ်ချုပ်၏ သားက VPN ကို လိုင်စင်ဖြင့် ရောင်းနေသည်။
ဖျော်ဖြေရေးအတွက် ရုပ်ရှင်များကလည်း အဆိုပါ စစ်ဗိုလ်ချုပ် သမီးနှင့် အမျိုးများ ဖြင့် မကင်း။
“ ဒီ ဂျပု(စစ်ခေါင်းဆောင် မင်းအောင်လှိုင်) အာဏာသိမ်းပြီးကတည်းက ဒီလိုတွေ ဖြစ်လာတာပဲ၊ တစ်နေ့တစ်နေ့ သူ့ကို ကျိန်ဆဲရတာလည်း အကုသိုလ်များပါတယ်။ မတတ်နိုင်ဘူးလေ” ဟု မယဥ်မေက လူမှုဒုက္ခများကြောင့် အာဏာသိမ်း စစ်ခေါင်းဆောင်အား ကျိန်ဆဲ ပြောဆိုမိခြင်းများအား ပြန်ပြောင်း ပြောပြသည်။
သူမ တွေးနေရင်း ပင်ပန်းနေသဖြင့် မှေးကနဲ အိပ်ပျော်သွားသည်။ အိပ်မောကျကာစတွင် မသိစိတ်၏ နှိုးဆော်မှုအရ အိပ်စက်ခြင်းထဲသို့ အသံများဝင်ရောက်လာသည်။ စည်းချက်ကျကျဖြင့် အပြိုင်အဆိုင် ထွက်ပေါ်လာသည့် ရေစက်သံများ ဖြစ်သည်။ ကျိန်းစက် နေသော မျက်လုံးများအား အတင်းဖွင့်ကာ ထသည်။
ရေစက်မောင်းရန် ပြင်လိုက်သော်လည်း တစ်ဖက်အိမ်က မောင်းနေသဖြင့် ထမင်းပေါင်းအိုးလေးဘက် လှည့်လိုက်သည်။
“ ရန်ကုန်မှာ အထာတွေ ရှိတယ်။ တစ်အိမ်က ရေမောင်းနေရင် မမောင်းရဘူး။ နှစ်အိမ်လုံး ရေမရတော့ဘူး။ ကိုယ်က အရင် မမောင်းနိုင်ရင် စောင့်ပေးရတယ်” ဟု မယဥ်မေက ရန်ကုန်၌ ဂျိုးဖြူရေတင်သည့် အခါ ကြုံရတတ်သည်များကို ပြောပြသည်။
တော်သေးသည် ယနေ့ ရေလာ၍ မယဥ်မေ ရေချူရန် မလိုအပ်။ တစ်ဖက် အိမ်မှ ရေတင်သံက သူမစိတ်ကို အတန်ငယ် အေးသွားစေသည်။
ရေချူရသည့် ရက်မျိုးဆိုလျင် တစ်နာရီခြား တစ်ခါမျှ ထရသည်။ တစ်ပတ် နှစ်ပတ်မျှ ရေပြတ်သွားသည့် အခါ ပို ၍ ဆိုးသည်။
ရလေ နိုးနိုးဖြင့် အချိန်ရှိသမျှ ရေချူနေရသည်။ ရေဖိုးက တစ်စည်ကို အနည်းဆုံး ကျပ် ထောင့်ငါးရာမှ ကျပ် ငါးထောင်လောက်ထိ ပေး၍ရေမလာသည့် အခါများတွင် ဝယ်သုံးရသည်။
“ ဂျိုးဖြူရေက တစ်ခါတစ်ခါ နှစ်ပတ်သုံးပတ်လောက် တစ်လလောက်ထိ မလာတတ်ဘူး။ အဲ့ဒီအခါ ရေလှည်းဝယ်သုံးရတယ်။ တချို့တွေဆို တစ်စည် ငါးထောင်လောက် တောင်းတယ်” ဟု မယဥ်မေက ဆိုသည်။
ည နက်သန်းခေါင် ပင် ဖြစ်စေကာမူ လျှပ်စစ်မီးလာသည်နှင့် မယဥ်မေထမင်းအိုးတည်ပြီး အဆင်သင့် ပြင်ထားသည့် ဟင်းလျာကို ချက်ပြုတ်လိုက်သည်။ အများစု ရက်များကတော့ ရေနည်းနည်း၊ ဆီနည်းနည်းဖြင့် လုံးထားသော ကြက်သားနှင့် ဟင်းရွက်များ ရောကြော်လိုက်ခြင်း ဖြစ်သည်။
တစ်နာရီအတွင်း ချက်ပြုတ်၍ ပြီးစီးသွားတတ်ပြီး တစ်ဖက်အိမ်က ရေတင်သံ ရပ်သွားသည့်အခါ ရေတင်ရသည်။
အိပ်ယာပေါ်၌ သားနှင့် သမီးက အိပ်မောကျနေသည်။ မေတ္တာသက်ဝင်မိနေဆဲ မရှိတော့သူ တစ်ဦး၏ ပုံရိပ်များက ထင်ဟပ်နေသည်။
ထိုညမျိုးတွင် အလုပ်များပြီးစီး၍ အိပ်ယာဘေးမှ ဖုန်းကိုယူကာ ကြည့်သည့် အခါတိုင်း မနက် သုံးနာရီခွဲနေပြီ ဖြစ်သည်။ ရေတင် အပြီးတွင်မူ မနက်လေးနာရီ ထိုးပေပြီ။
“ ချက်ပြုတ်ပြီးပြီဆို လေးနာရီက ကျော်နေပြီ ပြန်အိပ်ချိန်က မရှိတော့ဘူး။ ဒီလိုနဲ့ ရက်တွေက ဆက်နေပြီ” ဟု မယဥ်မေက လျှပ်စစ်မီးပျက်၍ အိပ်ရေးပျက်ရသည့် နေ့ရက်များအကြောင်း ပြောပြသည်။
ချက်ပြုတ်၍ မပြီးခင် လျှပ်စစ်မီးပျက်သွားသည်နှင့် ကြုံပါက အိမ်နီးချင်းများကပါ အာဏာသိမ်း စစ်ဗိုလ်ချုပ် အမည်တပ်ကာ ကျိန်ဆဲသံများ ကြားရတတ်သည်ဟုလည်း ဆိုသည်။ ထို့အတူ အိုးခွက်များ ပေါက်ခွဲသံ အချို့လည်း ရှိတတ်ကြောင်း မယဥ်မေက ပြောပြသည်။
မီးလာသည့် အချိန်များသည် ဖမ်းဆုတ်ရခက်လှသည်။ နေဝင်ချိန်များကို ရှောင်လွှဲရန် ကမ္ဘာပတ် ခရီးထွက်နိုင်ဖို့ လိုသည်။ လျှပ်စစ်မီးလာချိန်များကို ရှောင်လွှဲရန်တော့ အလုပ်သွားနေရန်နှင့် အလုပ်မှ ပြန်ရောက်ချိန် ပုံမှန် အိပ်စက်နေဖို့သာ လိုအပ်သည်။
၂၄နာရီ ရှိရာတွင် ၁၆ နာရီက လျှပ်စစ်မီးပျက်နေသည်။
ထမင်းပေါင်းအိုးလေး အတွက် နွမ်းနယ်မှုများကို ခံယူရင်း မီးလာချိန်များကို ဖမ်းဆုတ်နိုင်ရန် လိုပေသည်။ သို့မှသာ သားငယ်အတွက် သမီးငယ်အတွက် မိမိကိုယ်တိုင်အတွက် လောက်ငမည် ဖြစ်သည်။
အိပ်ယာဘေးမှ မှန်အား ကြည့်လိုက်တိုင်း အိပ်ရေး ပျက်သည့် ရက်များ ဆက်နေ၍ မျက်တွင်းများက ညို၍ ကျနေသည်ကို မယဥ်မေ မြင်နေရသည်။ နွမ်းနယ်မှုများဖြင့် အသက်ဆက်ရပေဦးမည်။ နွမ်းပါးသော်လည်း ပြည့်ဝစွာ အနားယူရသည့် ရက်မျိုး မည်သည့်အခါမျှ ရောက်ပါမည်နည်း။
ထမင်းပေါင်းအိုးလေးအား အနားပေးနိုင်မည့် အချိန်သို့ ရောက်ရန်သာ လိုသည်ဟု ထင်မိသည်။ ဂတ်စ် မီးဖို တစ်လုံးလျှင် ကျပ် ရှစ်သောင်းမျှ ရှိနေသည်။ တစ်လ နည်းနည်းစီ စုသော်ငြား ပြည့်သည့် အချိန် စျေးက တက်တက်သွား၍ မဝယ်နိုင်သေး။
ယခုတော့ ထမင်းပေါင်းအိုးလေးအား အခန်းကျဥ်းလေးထဲ အသက်သွင်းနေရပေဦးမည်။ ဖမ်းဆုတ်ရခက်လှသော လျှပ်စစ်မီး လာချိန်များသည် အခန်းကျဥ်းလေးထဲက ထမင်းပေါင်းအိုးလေးကြောင့် ဖမ်းဆုတ်မိနေသည်။
လျှပ်စစ်မီးလာချိန်များကို အာဏာသိမ်း စစ်ဗိုလ်ချုပ်က ကိုင်ဆုတ်ထားသည်။ ထိုထဲတွင် သူမ၏ ကလေးများ အနာဂတ်များလည်း ပါနေသည်။ ထိုအရာသည် သူမ၏ မျှော်လင့်ချက်များလည်း ဖြစ်သည်။
“ ဒီကောင်တွေ မရှိတော့မှဖြစ်မှာ၊ ကျမ ကလေးတွေ အလှည့်ကျ ကျမ လိုမျိုး ကြုံနေရဦးမှာလား တွေးပြီး ကျမ စိတ်ပူတယ်။ ဒီလို ကံကြမ္မာဆိုးကနေ လွန်မြောက်ချင်ပြီ” ဟု မယဥ်မေက သူမ၏ အာဏာရှင်လက်အောက်က လွတ်မြောက်လိုသည့် ဆန္ဒအား ပြောပြခဲ့သည်။