By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် လမ်းပိုင်းကင်းယူနေသည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ခုနှစ်ဦးဒဏ်ရာရသွားကြောင်းသိရသည်။
ယနေ့ (ဇန်နဝါရီ ၂၄ရက်) နံနက် ကိုးနာရီကျော်တွင် မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းပေါ်၌ ကင်းယူနေသည့် တောပုပျူရွာမှ စစ်သားနှင့်ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Chaung U People’s Defence Force – CHU PDF က သတင်းထုတ်ပြန်သည်။
“ သူတို့ကင်းယူရင်း၊ လမ်းပိုင်းလုံခြုံရေးယူရင်း ကားတွေကို ဆက်ကြေးကောက်တာ။ လုပ်လေ့လုပ်ထရှိတဲ့ဟာပေါ့။ ပြည်သူတွေကို မိုင်းရှင်းခိုင်းတဲ့ အလုပ်လည်းလုပ်တယ်” ဟု Chaung U People’s Defence Force – CHU PDF၊ သတင်းပြန်ကြားတာဝန်ခံက MPAသို့ပြောသည်။
မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်က သေနတ်များပစ်ဖောက်ခဲ့ပြီး တောပုပျူရွာထဲသို့ ပြန်ဝင်၊ မဝင်ကိုမူ အတည်မပြုနိုင်ကြောင်း ၎င်းကပြောသည်။
“ ဒဏ်ရာရတွေကို သယ်သွားတယ်လို့ သတင်းရတယ်ဗျ။ အဲ့နေရာက သူတို့ခပ်စိပ်စိပ်ယူထားတဲ့အနေအထားရှိတယ်။ ပြန်သွားလား၊ မပြန်သွားလား တိတိကျကျမသိရဘူး။ အဲ့နေရာမှာတော့မရှိဘူး။ ပြန်ဝင်သွားလား။ တခြားနေရာခွဲထွက်သွားလား။ အတည်မပြုနိုင်ဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDFတပ်ဖွဲ့ တစ်၊ Special Force-11(LPDF)Monywa၊ Special ဒိတ်ဒိတ်ကြဲအဖွဲ့ နှင့် Monywa Dynamite(STF)အဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။