By Hlaing / MPA
KIO ဌာနချုပ်တည်ရှိရာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့ကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့ (ဇန်နဝါရီ ၂၄ရက်) မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လိုင်ဇာမြို့လယ်၊ ရပ်ကွက်လေးရှိ မြစ်ကြီးနားဟိုတယ်ပေါ်သို့ ဒရုန်းဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ အရင် လေယာဥ်က ဝဲနေတာ။ ပြီးမှ မြစ်ကြီးနားဟိုတယ်ပေါ်ကို ဒရုန်းနဲ့ ချတာ။ အပေါ်ဆုံးထပ်က ရေကန်နဲ့ ရေကန်အမိုးတော့ ပျက်စီးသွားတယ်။ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး။ ဟိုတယ်ရဲ့ အနောက်ဘက်က အလန့်ဘွမ်တောင်ရှိတယ်။ အဲ့ဒီတောင်ပေါ်လည်း အရင်ကတည်းက ခဏခဏကြဲတာ။ ဟိုတယ်ကျတာတော့ ပထမဆုံးပဲ” ဟု လိုင်ဇာမြို့နေ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
စစ်ကောင်စီတပ်က လိုင်ဇာမြို့ကို ဒရုန်းအသုံးပြု၍ တိုက်ခိုက်ခြင်းမှာ ပထမအကြိမ်ဖြစ်ကြောင်း လိုင်ဇာမြို့နေအသက် ၂၅ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာကိုးရက်ကလည်း လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ နှစ်နှစ်သားကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၂၉ ဦး သေဆုံးကာ၊ ၆၀ ထက်မနည်း ဒဏ်ရာများရရှိခဲ့သည်။