By Ra Wai / MPA
ကေအဲန်ယူ၊ ကျိုက်ထိုနှင့် သထုံမြို့နယ်အတွင်းရှိ ပြည်သူများကို စစ်ကောင်စီတပ်က ဒရုန်းနှင့်လက်နက်ကြီးတို့ဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ ကလေးတစ်ဦးအပါအဝင် နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ၂၃ရက်၊ညနေပိုင်းတွင် ကျိုက်ထိုမြို့နယ်၊သုံးခွရွာကို ဒရုန်းဖြင့် ဗုံးကြဲချခဲ့ပြီး သထုံမြို့နယ်၊ ကော်ကျိုးရွာထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ကေအဲန်ယူ ဗဟိုက ယနေ့ (ဇန်နဝါရီ ၂၄ရက်) သတင်းထုတ်ပြန်သည်။
“အခု ၂၀၂၅မှာ ကျိုက်ထို၊ဘီးလင်း၊သထုံပေါ့။စစ်တပ်ဘက်က ပိုလှုပ်လာတယ်။အကြောင်းမဲ့ ရပ်ထဲ ရွာထဲ လှမ်းပစ်တာတွေ စိပ်လာတယ်။သိမ်ဇရပ်တပ်တွေက အခု ဒရုန်းကို ပိုသုံးလာတာတွေ့ရတယ်။ သထုံမြို့ထဲမှာလည်း စစ်တပ်က ရိက္ခာတွေတော်တော်လှောင်နေတယ်လို့ ကျတော်တို့ကင်းထောက် တွေဆီကနေ သိရတယ်” ဟု ဟု သထုံခရိုင်အတွင်းရှိ PDF ရဲဘော်တစ်ဦးက MPAသို့ ပြော သည်။
ကျိုက်ထိုမြို့နယ်၊ သုံးခွရွာသို့ ဒရုန်းဖြင့် ဗုံးကြဲခဲ့ရာ ကားဝပ်ရှေ့ာဟောင်း အနီးသို့ တစ်လုံး၊ ကားဝပ်ရှော့ဟောင်း ခေါင်မိုးပေါ်သို့ တစ်လုံး ကျရောက်ပေါက်ကွဲပြီး အမိုးများထိခိုက်ပျက်စီးခဲ့သည့်အပြင် ဝပ်ရှော့ရုံဘေးရှိ နေအိမ်လည်း ဘေးအကာ အုတ်ပြားများ ထိမှန် ပျက်စီးခဲ့ကာ အနီး၌ လမ်းသွားနေသော ဝင်းကံရွာတစ်ဖက်ကမ်းနေ စောအယ်စိုး၏ ဦးခေါင်း ဗုံးသီးအစ ထိမှန်ဒဏ်ရာရခဲ့ကြောင်း ကေအဲန်ယူ ဗဟိုက ဆိုသည်။
ဒရုန်းသည် ဗုံးကြဲပြီးနောက် ကျိုက်ထိုမြို့နယ်၊သိမ်ဇရပ်အခြေစိုက် ၂၀၇တပ်နှင့် အမြောက်တပ် ၃၁၀ ဘက်သို့ ဦးတည်ပျံသန်းသွားကြောင်း သိရသည်။
သထုံမြို့နယ်၊ကော်ကျိုးရွာထဲသို့ ဝင်းပရွာအခြေစိုက် ခမရကိုးမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ရာ အသက်၁၃နှစ်အရွယ်ရှိ စောကျော်ထက်ဟိန်း ၏ ညာဘက်လက် လက်နက်ကြီးကျည်စ ထိမှန်ခဲ့ကြောင်း ကေအဲန်ယူဗဟိုက ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သည် ဇန်နဝါရီ၁၆ရက်မှ ၁၉ရက်အထိ လေးရက်ဆက်တိုက် ကျိုက်ထိုနှင့်ဘီလင်းမြို့ နယ်အတွင်းရှိ ရွာများကို ပစ်မှတ်ထားကာ လက်နက်ကြီးနှင့်လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုတို့ ပြုလုပ်ခဲ့သေးသည်။


