By Ra Wai / MPA
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင်း၌ ယနေ့နံနက်ပိုင်းမှစတင်ကာ တိုက်ပွဲပြင်းထန်နေကာ စစ်တပ်က လေကြောင်းပစ်ကူနေကြောင်း သိရသည်။
ယနေ့နံနက် အစောပိုင်းမှစတင်ကာ ကေအိုင်အေ (ကချင်လွတ်လပ်ရေးတပ်မတော်) ပူးပေါင်းတပ်က ထိုးစစ်ဆင်လာ၍ နှစ်ဘက် တိုက်ခိုက်မှု ပြန်လည်ဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်ထံက သိရသည်။
“ဒီရက်ပိုင်းမှာ တိုက်ပွဲတွေ ငြိမ်နေပြီးကာမှ ဒီမနက် ကေအိုင်အေက စတိုက်တာ။ ဟိုလို နည်းနည်း တိုက်တာမဟုတ်ဘူး။တိုက်ပွဲပြင်းတယ်။စစ်တပ်က ထုံးစံအတိုင်း လေကြောင်းပစ်ကူပေါ့။လေ ကြောင်းကနေ ဆက်တိုက်ပစ်တာ” ဟု ၎င်းက MPAသို့ပြောသည်။
ဗန်းမော်မြို့၊ ရွှေကျီးနားနှင့် နောင်ခိုရပ်ကွက်ဘက်တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဗန်းမော်မြို့ပေါ်တွင် ယခုအချိန်ထိ ဒေသခံအမျိုးသားအချို့ အိမ်စောင့်အဖြစ် ကျန်နေသေးကြောင်း သိရသည်။
ဗန်းမော်နှင့် မံစီမြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ခုနှစ်၊ဒီဇင်ဘာလေးရက်တွင် ကေအိုင်အေပူးပေါင်းတပ် ကစတင်ခဲ့ပြီး ဇန်နဝါရီရှစ်ရက်၌ မံစီမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။