By Wadi / MPA
ကော်ပီသီချင်းများ ဆိုကြသော ခေတ်တွင် ကိုယ်ပိုင်သံဇဉ်သီချင်းများ ရေးသားတီဆိုသူ တေးရေး၊ အဆိုတော် မာရဇ္ဇ (သို့) မာကြီး ကွယ်လွန်ခဲ့ကြောင်း သိရသည်။
နိုင်ငံကျော်အဆိုတော် မာရဇ္ဇသည် ၂၀၂၅ ဇန်နဝါရီ ၂၃ရက်တွင် ရန်ကုန်မြို့ ဗဟိုရ်စည်ဆေးရုံ၌ ကွယ်လွန်ခဲ့ ခြင်းဖြစ်သည်။
မာရဇ္ဇ ကွယ်လွန်မှုအပေါ် ဂီတလောက အသိုင်းအဝိုင်းက ဆိုရှယ်မီဒီယာများတွင် ဝမ်းနည်းကြောင်း ပို့စ်များ ရေးတင်ခဲ့ကြသည်။
“ကိုမာကြီးရေ စိတ်မကောင်းဘူးဗျာ ကောင်းရာသုဂတိလားပါစေဗျာ အေးချမ်းပါစေဗျာ” ဟု အဆိုတော် R ဇာနည်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
ထို့ပြင် ဂီတာသမား ကိုနိုင်ဇော်ကလည်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ဇန်နဝါရီ ၂၄ရက် နံနက် ရှစ်နာရီကျော်တွင် “ကျတော့်ရဲ့ Juke-Box Band နဲ့ လက်တွဲခဲ့တဲ့ အဆိုတော် (ကို) မာရဇ္ဇ မနေ့ညက ကွယ်လွန်သွားတယ်သိရလို့ မိသားစုနဲ့ ထပ်တူ ကြေကွဲရပါတယ်” ဟု ရေးတင်ထားသည်။
အဆိုတော် မာရဇ္ဇသည် မြန်မာနိုင်ငံတွင် နိုင်ငံခြားကော်ပီသီချင်းများကို ပြန်လည်သီဆိုကြသော ခေတ် တွင် ကိုယ်ပိုင်သံဇဉ်သီချင်းများကိုသာ ရေးသားသီဆိုခဲ့သူအဖြစ် နာမည်ကျော်ကြားခဲ့သည်။
မာရဇ္ဇ ကွယ်လွန်သည့် သတင်းကြောင့် သူ၏ ပရိတ်သတ်များကလည်း ကြေကွဲဝမ်းနည်းကြောင်း ဆိုရှယ်မီဒီယာများတွင် ရေးတင်ထားကြသည်။
“မာရဇ္ဇဟာ ကျမရဲ့ ငယ်ဘဝ Idol ကြီး၊ သူ့သီချင်းတွေကို စပြီးနားထောင်ဖူးတာ တိတ်ခွေခေတ်ထဲကနေ နောက်ဆုံး အင်တာနက်ခေတ်အထိပဲ၊ စစ်အစိုးရခေတ်မှာ ဆံပင်အရှည်ကြီးနဲ့ စင်ပေါ်သီချင်းဆိုလို့ ကြိတ် သဘောကျခဲ့ရတာ၊ အခု ရပ်တည်ချက်မခိုင်မာတဲ့ အဆိုတော်တွေနဲ့လည်း တခြားစီ၊ သူမသေခင်မှာ စစ်တပ်နဲ့ ပတ်သက်ခဲ့တာမျိုးမရှိလို့ ပိုလေးစားဂုဏ်ယူရတယ်” ဟု တေးရေး၊ တေးဆို မာရဇ္ဇ၏ ပရိတ်သတ် အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
မာရဇ္ဇ၏ ဆွဲအား၊ ဟင်္သာတို့ရဲ့နန်းတော်ရှေ့၊ အိပ်ရေးပျက်၊ ဝေးဝေးကလွမ်း၊ ဒွိဟ၊ အနိုင်မယူသူ အရှုံး စသည့် သီချင်းများသည် ပရိတ်သတ်များ အလွန်သဘောကျ နှစ်သက်၍ ယနေ့ခေတ်အထိ နားထောင်နေကြသော သီချင်းများ ဖြစ်သည်။
“တကယ်ကြေကွဲဖို့ကောင်းတဲ့ မနက်ခင်းပဲ၊ ဒီမနက်ဖေ့ဘွတ်ခ်သုံးနေရင်း မာရဇ္ဇဆုံးတဲ့သတင်းဖတ်လိုက်ရတာ စိတ်ထဲ တော်တော်နေလို့ အဆင်မပြေတော့ဘူး။ သူ့ကို ကျတော် လက်ဖက်ရည်ဆိုင်တစ်ခုမှာ ခဏ မြင်ဖူးတယ်။ သွားနှုတ်ဆက်ချင်ပေမဲ့ သူအနှောင့်အယှက်ဖြစ်မှာဆိုးလို့ ဒီအတိုင်းလေးပဲ ကြည့်နေလိုက်တယ်။ သူဟာ ကျတော့်အတွက် ဘယ်လောက်တောင် လွှမ်းမိုးခဲ့သလဲဆိုရင် “ဆံပင်ရှည်ရှည် အရပ်မြင့်မြင့် ကိုယ့်ချစ်သူလေး ဂန္ဓဝင်မြောက် မင်းရဲ့အလှထူးခြားလွန်းလို့လေ ရင်ခုန်သံ မမှန် နိုင်အောင် ကိုယ့်ရဲ့အသည်းလေး ကြွေပြီ….” လို့ သူဆိုတဲ့ စာသားထဲက မိန်းကလေးလို အရပ်မြင့်မြင့် ကောင်မလေးကို ကျတော် လက်ထပ်ထားတာ” ဟု မာရဇ္ဇ၏ ပရိတ်သတ်တစ်ဦးက ဆိုသည်။
တေးရေး၊ အဆိုတော် မာရဇ္ဇဟာ ကွယ်လွန်ချိန်တွင် အသက် ၅၈ နှစ်အရွယ် ရှိပြီးကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
ဂီတသက်တမ်း အနှစ် ၃၀ ကျော်ရှိသော မာရဇ္ဇသည် အောင်မြင်သော တေးသီချင်းပေါင်းများစွာ သီဆိုခဲ့ပြီး တစ်ကိုယ်တော်စီးရီးပေါင်း ၂၀ ထက်မနည်း ထွက်ရှိထားသူဖြစ်သည်။