By Garcia Ni / MPA
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တောင်ပိုင်း၊ ကျေးရွာတစ်ရွာတွင် ဗုံးခိုကျင်းတူးနေသည်ကို မြို့နယ်ပကဖ၊ ပအဖကိုစာတင်၍ ခွင့်ပြုချက်ယူရမည်ဟုဆိုကာ တားမြစ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
အလှူရှင်တစ်ဦး၏အကူအညီဖြင့် ရွာသူရွာသားများလုပ်အားပါဝင်ကာ ဇန်နဝါရီ၂၂ရက်ကစတင်၍ ဗုံးခိုကျင်းတူးနေသည်ကို ဇန်နဝါရီ၂၃ရက်တွင် မြို့နယ်ပကဖတာဝန်ခံက ကားတစ်စီး၊ ဆိုင်ကယ်တစ်စီး လူသုံးယောက်ဖြင့် ကျေးရွာအုပ်ချုပ်ရေးတာဝန်ခံ၏အိမ်သို့ လာရောက်တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း ဗုံးခိုကျင်းတူးရာတွင် ဦးဆောင်ပါဝင်နေသူတစ်ဦးက MPAကိုပြောသည်။
“ ဗုံးခိုကျင်းတူးတာကို ခွင့်ပြုချက် မတောင်းဘူးလား၊ မြို့နယ်ပအဖတာဝန်ခံကို မခန့်လေးစားလုပ်တာလား၊ ခွင့်ပြုချက်ယူပါ၊ စာတင်ပါဆိုပြီးဟိန်းဟောက်သွားတော့ ရွာကကြောက်ပြီးမတူးရဲတော့ဘူး” ဟု ၎င်းကဆိုသည်။
အဆိုပါဗုံးခိုကျင်းကို တက္ကသိုလ်CDMဆရာမတစ်ဦးလည်းဖြစ်၊ Mobile Medical Team (MMT West Division)ကို ဦးဆောင်နေသူလည်းဖြစ်သည့် ဒေါ်ရတီအုန်းနှင့်အဖွဲ့က ဦးဆောင်တူးပေးနေခြင်းဖြစ်သည်။
ဗုံးခိုကျင်းတူးခြင်းကို လာရောက်တားမြစ်ခြင်းနှင့်ပတ်သက်၍ `ပုန်းခိုကျင်း အခမဲ့ တူးပေးဖို့ ဘယ်အဖွဲ့စည်းကို တင်ပြပြီး ခွင့်ပြုချက် တောင်းခံရမလဲ သိချင်ပါတယ်´ဟု အမျိုးသားညီညွတ်ရေးအစိုးရသို့လိပ်မူ၍ ဒေါ်ရတီအုန်းက ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် တင်ထားသည်။
“ ဆရာမက ဘာလုပ်လုပ် NUG အမည်တပ်ပေးတယ်။ သူတို့ မတ်တပ်လေး ခဏလာရပ်ပေးရင်ကို ပူးပေါင်းကူညီပေးပါသော ဘာညာ ထည့်ပြီး ကိုယ့်အစိုးရကိုယ် ပုံရိပ်မြှင့်ပေးနေကျပါကွာ” ဟု ဒေါ်ရတီအုန်းက MPAကိုပြောသည်။
ဗုံးခိုကျင်းတူးခြင်းကို ယခုလိုတားမြစ်ခြင်းသည် ပုဂ္ဂိုလ်ရေးကိစ္စများပါဝင်နိုင်ကြောင်း၊ ယခင်ကလည်း တမူးမြို့နယ်တောင်ပိုင်းကျေးရွာတစ်ရွာတွင် ဒေါ်ရတီအုန်းနှင့်အဖွဲ့ ဆေးလာကုသည်ကို ပြည်သူများ၏ရှေ့တွင် ပကဖများက မောင်းထုတ်ခဲ့ဖူးကြောင်း ဒေသခံအမျိုးသားတစ်ဦးကဆိုသည်။
“ ဗုံးခိုကျင်းတူးတာ လူ့အသက်ကို ကယ်တာလေဘာတားစရာရှိမှာလဲကွာ၊ ဆရာမကို အလုံးစုံကောင်းလှပါတယ်လို့ မပြောလိုပါဘူး။ မြေပြင်လိုအပ်ချက်တွေကို လိုက်ဖြည့်ဆည်းပေးနေတာပဲလေ၊ သူကိုယ်တိုင်လဲ အန္တရာယ်ကြားထဲ နေနေတုန်းပဲ” ဟု ၎င်းကဆိုသည်။
ဗုံးခိုကျင်းတူးသည်ကို တားမြစ်ခြင်းနှင့်ပတ်သက်၍ မေးမြန်းရန် တမူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံထံသို့ MPAက ဖုန်း၊ အွန်လိုင်းတို့မှတဆင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်ကိုင်းတိုင်းအတွင် ရုံးစိုက်၍ အုပ်ချုပ်ရေးယန္တယားများစတင်လည်ပတ်တော့မည်ဟု ယခုလအတွင်း ပြောဆိုခဲ့ပြီးနောက် စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများသိမ်းပိုက်ထားသည့်မြို့များကို စစ်ကောင်စီက ဦးတည်လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီ၁၆၊ ၂၀၊ ၂၁နှင့် ၂၂ရက်တို့တွင်လည်း တော်လှန်ရေးအဖွဲ့များသိမ်းပိုက်ထားသည့် တမူးခရိုင်၊ ခမ်းပါတ်မြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများကို စစ်ကောင်စီကဆက်တိုက်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ပလဖရဲဘော်တစ်ဦးနှင့် ၃နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးခဲ့သည်။
ယင်းအပြင် ရဲဘော်သုံးဦး၊ အမျိုးသမီးနှစ်ဦးနှင့် ဘုန်းကြီးတစ်ပါးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းများအပါအဝင် နေအိမ်(၃၀)ဝန်းကျင်ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။