By Ko Paing / MPA
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် စစ်မှုထမ်းရန် အကျုံးဝင်သည့် အမျိုးသမီးစာရင်းကို စစ်ကောင်စီက လိုက်လံ ကောက်ယူနေပြီဖြစ်ကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း ကျောက်တန်း၊ သန်လျင်၊ သာကေတနှင့် တာမွေမြို့နယ်တို့တွင် အသက်၁၈နှစ် နှင့် ၂၇နှစ်ကြား စစ်မှုထမ်းအကျုံးဝင် အမျိုးသမီးများစာရင်းကို စစ်ကောင်စီက ကောက်ခံနေကြောင်း Rangoon Scout Network က သတင်းထုတ်ပြန်သည်။
“အမျိုးသမီးစစ်မှုထမ်းနဲ့ပတ်သက်ပြီး ရန်ကုန်မှာ အခုလောလောဆယ် ညွှန်ကြားချက် တစ်စုံတစ်ရာ ထုတ်ပြန်ထားတာမျိုးတော့ မကြားရသေးဘူး။ဒါပေမဲ့၊စစ်တပ်က နေရာတိုင်းမှာ အသေများနေတယ်။ တိုက်ပွဲဧရိယာလည်း ပိုကျယ်လာတယ်ဆိုတော့ စစ်သားတော်တော်များများကို ရှေ့တန်းပို့ပြီး အမျိုး သမီးတွေ လုပ်နိုင်တဲ့အပိုင်းတွေမှာ ရဲမေတွေ အစားထိုးခိုင်းဖို့ သိပ်မကြာခင် အမျိုးသမီးစစ်မှုထမ်းကိ စ္စ စတင်နိုင်တယ်” ဟု ရန်ကုန်အခြေစိုက် ရဲသတင်းရင်းမြစ်က MPAသို့ ပြောသည်။
ဇန်နဝါရီ၂၃ရက်တွင် ကျောက်တန်းမြို့၊ ရွှေကုန်းရပ်ကွက်နှင့် သန်လျင်မြို့၊ဗိုလ်ချုပ်ဘက် တို့တွင် အမျိုးသမီးစာရင်းကောက်ယူခဲ့သလို သာကေတမြို့နယ်၊ ၄ တောင်ရပ်ကွက်နှင့် တာမွေမြို့နယ်၊ မဂ္ဂင်လမ်းထဲတွင်လည်း စာရင်းကောက်သွားကြောင်း Rangoon Scout Network ကဆိုသည်။
၂၀၂၄ ခုနှစ်၊ဒီဇင်ဘာနောက်ဆုံးပတ်အတွင်း မွန်ပြည်နယ်၊သထုံမြို့ပေါ်၌ ဧည့်စာရင်းစစ်ရင်း ဖမ်းဆီး ခြင်းခံရသည့် အမျိုးသမီးငါးဦးကို စစ်မှုထမ်းသင်တန်းဖွင့်လှစ်ထားသည့် သထုံမြို့နယ်၊အမှတ်ကိုး လေ့ကျင့် ရေးတပ်ထဲသို့ ပို့ဆောင်ခဲ့ကြောင်း မွန်ပြည်နယ်ပကဖက ပြောကြားထားသည်။
Rangoon Scout Network သည် ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီ လှုပ်ရှားမှုနှင့် ပတ်သက်သည့် မြေပြင်သတင်းများနှင့် ထူးခြားဖြစ်စဥ်များကို အဓိကထား စုစည်းတင်ပြပေးနေသော နွေဦးတော်လှန်ရေးစာမျက်နှာ တစ်ခုဖြစ်သည်။