By Sayar Ngaat/ MPA
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းရှိ ပိန်းပင်မျိုးရင်းဝင် မျိုးစုအသစ်တစ်ခုကို မြန်မာနိုင်ငံအခြေစိုက် Native Species Conversation & Identification (NSCI)အဖွဲ့က ဦးဆောင်ကာ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ Loeiပြည်နယ်ရှိ ထုံးကျောက်တောင်တွင်တွေ့ရသည့် ပိန်းပင်မျိုးရင်းဝင်ဖြစ်သော်သော်လည်း မျိုးစုကွဲထွက်နေခြင်းကြောင့် ဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း စာတမ်းပြုစုခဲ့သည့် ကိုခန့်ဇာ်ဟိန်းက ပြောသည်။
” ဒီမျိုးစုရဲ့ ပြင်ပသွင်ပြင်လက္ခဏာတွေက တခြားမျိုးစုတွေနဲ့ မတူဘူး။ သူ့ဟာသူ သီးသီးခြားခြားကြီး ဖြစ်နေတယ်။ အဲဒါ ကြောင့်မို့ ကျတော်တို့က သေချာအောင်လို့ DNA စစ်ဆေးမှုတွေ လုပ်တယ်။ အဲဒီအခါမှာ သူက ဘယ်မျိုးမှာမှ မပါဘဲနဲ့ သီးသန့်ရပ်တည် နေတာ တွေ့ရတဲ့အတွက် မျိုးစုအသစ်တစ်ခုအနေ ဖော်ထုတ်ခဲ့တာပါ “ ဟု ကိုခန့်ဇော်ဟိန်းက ပြောသည်။
အဆိုပါ ဖော်ထုတ်နိုင်ခဲ့သည့် ပိန်းပင်မျိုးရင်းဝင် မျိုးစုအသစ်နှင့် ပတ်သက်ပြီး ၂၀၂၃ခုနှစ်မှ စတင်ကာ တစ်နှစ်ခွဲအထိ စာတမ်းပြုခဲ့ရကာ မျိုးစုအသစ်ဖြစ်သဖြင့် အခြားမျိုးစုများတွင်ရှိသည့် မျိုးစိတ်နမူနာများကို စုဆောင်းရာ၌ အခက်အခဲများကြုံ တွေ့ခဲ့ရကြောင်း ကိုခန့်ဇော်ဟိန်းက ဆက်လက်ရှင်းပြသည်။
ဇီဝဗေဒတွင် မျိုးစိတ်ခွဲ၊ မျိုးစိတ်၊ မျိုးစု၊ မျိုးရင်း စသည့် သိပ္ပံနည်းကျသတ်မှတ်ချက်လေးမျိုးရှိသည့်အနက် ယခုဖော်ထုတ်နိုင်ခဲ့သည်မှာ ပိန်းမျိုးရင်းဝင် မျိုးစုတစ်ခု ဖြစ်သည်။
မျိုးစုအသစ် ဖော်ထုတ်နိုင်ခဲ့ခြင်း ရလဒ်အနေဖြင့် အရှေ့တောင်အာရှတွင် ပိန်းပင်မျိုးရင်းဝင်များသည် လက်ရှိအချိန်ထိ ဖော်ထုတ်ရန်များစွာကျန်ရှိသေးကြောင်း သက်သေအဖြစ် ပြနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
ထို့ပြင် အရှေ့တောင်အာရှရှိ ပိန်းပင်မျိုးရင်းဝင် အပင်များ၏ မျိုးခွဲပညာများနှင့် ထိန်းသိမ်းကာကွယ်မှုများကို ဆက်လက်လေ့လာသွားမည်ဖြစ်ကြောင်း ကိုခန့်ဇော်ဟိန်းက ဆိုသည်။
ယခု ဖော်ထုတ်နိုင်ခဲ့သည်မျိုးစုနာမည်ကို အာရှရှိ ပိန်းမျိုးရင်းများအကြောင်း လေ့လာကာ စာတမ်းပေါင်းများစွာရေးသားခဲ့သည့် ပိန်းမျိုးရင်းပညာရှင် Dr. Alistair Hay ကို ဂုဏ်ပြုသည့်အနေဖြင့် 𝐇𝐚𝐲𝐚𝐫𝐮𝐦 ဟု အမည်ပေးထားပြီး ထူးခြားအံ့ဩဖွယ်ကောင်းသည့် ထူးကဲပွင့်ခံရွက်၏လှုပ်ရှားမှုကို ရည်ညွှန်းကာ မျိုးစိတ်နာမည်ကို mirispathum ဟု အမည်ပေးခဲ့ကြောင်း NSCI ထံမှ သိရသည်။
” ပိန်းမျိုးရင်းဝင် မျိုးစုတွေကို ကျတော်တို့ သေချာ လေ့လာဖို့ လိုသလို သေချာ ထိန်းသိမ်းဖို့လည်း လိုပါတယ်။ ဘာလို့လဲဆို ပိန်းမျိုးရင်းဝင်အပင်တွေက အင်းဆက်တွေက တစ်ဆင့် ဝတ်မှုန်ကူးပြီး သန္ဓေအောင်ကြတယ်။ အဲဒါ ကြောင့်မို့ ဂေဟစနစ်အတွက်လည်း အရေးပါပါတယ် “ ဟု အပင်မျိုးစိတ်များကို စာတမ်းပြုစုနေသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလကလည်း ပိန်းပင်မျိုးရင်း မျိုးစိတ်အသစ် နှစ်မျိုးနှင့် မှတ်တမ်းမတင်ရသေးသည့် မျိုးစိတ်သုံးမျိုးကိုတွေ့ရှိခဲ့ကာမြန်မာနိုင်ငံသည် ပိန်းပင်မျိုးရင်းဝင် အပင်များဖြစ်သည့် Typhonium မျိုးစိတ်ပေါင်း ၁၇မျိုးအထိ မှတ်တမ်းတင်နိုင်ခဲ့ပြီး ကမ္ဘာပေါ်တွင် Typhonium မျိုးစိတ် အများဆုံးရှိသည့် တတိယနိုင်ငံ ဖြစ်လာကြောင်း NSCI အဖွဲ့ထံမှ သိရသည်။
” ကျတော်တို့ လူသားတွေက သဘာဝပတ်ဝန်းကျင်အပေါ်မှာ မှီခိုနေထိုင်နေကြရတာပါ၊ အပင်မျိုးစိတ်တွေ၊ တိရစ္ဆာန်မျိုးစိတ်တွေနဲ့ ဂေဟစနစ် ပျက်စီးမှုတွေက ဘာနဲ့မှ အစားထိုးလို့မရပါဘူး။ လူတွေက သဘာဝဘေးအန္တရာယ်တွေကြုံလာမှ ဂရုစိုက်ရမှန်း၊ ထိန်းသိမ်းရမှန်းသိကြတယ်။ လက်ရှိချိန်ကတည်းက အားလုံးကိုဂရုတစိုက်နဲ့ ထိန်းသိမ်းဖို့က လိုအပ်သလို အသိပညာပေးကြဖို့လည်း အရေးကြီးပါတယ် “ ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူတစ်ဦးကပြောသည်။
မြန်မာနိုင်ငံတွင် လူတို့၏ ပယောဂ၊ သဘာ၀ဘေးနှင့် စစ်ပွဲများကြောင့် ၂၀၂၃ခုနှစ်အတွင်း ဆုံးရှုံးခဲ့သည့် သဘာ၀သစ်တောဧရိယာ ၁၁၉၃၅၂ ခန့် ရှိကြောင်း Global Forest Watch (GFW) အဖွဲ့၏ စာရင်းများအရ သိရသည်။
ထို့ပြင် ၂၀၀၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ၂၂ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၏ သစ်ပင်ဖုံးလွှမ်းမှုဧရိယာဆုံးရှုံးပျောက်ကွယ်မှုသည် ၅၆ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ် စသည်တိုင်းနှင့် ပြည်နယ်များသည် အများဆုံးဖြစ်ကြောင်း MMWeatherက ထုတ်ပြန်ထားသည်။