By Nway / MPA
မကွေးတိုင်းအတွင်းရှိ ဧရာဝတီမြစ်ဝှမ်းတခုလုံးလွတ်မြောက်ရေးအတွက် ဦးတည်သွားနေပြီး မကြာမီ ထိုးစစ်အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway) ထံကသိရသည်။
PRA – Magway သည် စစ်ရေးဆိုင်ရာ ရည်မှန်းချက်များအတိုင်း တစ်ဆင့်ချင်း အကောင်အထည်ဖော်လျက်ရှိကြောင်း ယနေ့ ( ဇန်နဝါရီ ၂၃ရက် ) မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်သည်။
“ ကျတော်တို့ တနှစ်ချင်းစီအလိုက် ဘယ်ဒေသကို ထိုးဖောက်ဝင်ရောက်မယ်။ ဘယ်ဒေသမှာ စစ်ရေးလှုပ်ရှားမယ်ဆိုတဲ့ဟာတွေကို စစ်ရေးစီမံချက်ဆွဲပြီး လုပ်ဆောင်နေတာမျိုးရှိတယ်” ဟု PRF – Magway၏ စစ်ရေးတာဝန်ခံ ကိုနောင်သူရိန်က MPA ကို ပြောသည်။
PRF – Magway သည် လက်ရှိတွင် မကွေးတိုင်း၊ ငဖဲနှင့် စေတုတ္တရာမြို့နယ်တို့၌ စစ်ရေးလှုပ်ရှားနေပြီး ဧရာဝတီမြစ်အနောက်ဘက်ခြမ်းရှိ မြို့နယ်များကို စိုးမိုးနိုင်ရန် ရည်ရွယ်ချက်ရှိကြောင်း၊ ယင်းသို့ လုပ်ဆောင်ရာတွင် ဒေသတွင်း တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းသွားမည်ဖြစ်ကြောင်း သိရသည်။
“ အဓိကကတော့ ပြင်ဆင်မှုတွေလုပ်နေတယ်။ တော်လှန်ရေးထဲမှာတော့ ပြီးပြည့်စုံမှုဆိုတာတော့ မရှိဘူး။ အဲဒီအခက်အခဲတွေကြားထဲကနေ အကောင်းဆုံးဘယ်လို လုပ်ဆောင်မလဲဆိုပြီး ပြင်ဆင်နေပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ရခိုင် – မကွေးနယ်စပ်မျဉ်းတစ်လျှောက်ရှိ အမ်း နှင့်ငဖဲမြို့နယ်တို့တွင်ရက္ခိုင့်တပ်တော် AA ၊ PRA – Magway၊အခြားသော တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများဖြစ်နေကြောင်း သိရသည်။
ဇန်နဝါရီ ၁၉ရက်တွင် ငဖဲမြို့နယ်၊ အမ်း – ပဒါန်းလမ်းပိုင်း၊ ဂုတ်ကြီးကျေးရွာအနောက်ဘက်၌ ပဒါန်းဘက်မှတက်လာသော စစ်သား အင်အား ၁၀၀ ခန့်ပါ ခဲယမ်းတင်ကား လေးစီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ငါးဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း PRA – Magwayက ထုတ်ပြန်ထားသည်။
ထို့ပြင် ဇန်နဝါရီလအတွင်း တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းများနှင့် ထိတွေ့မှုများရှိခဲ့ပြီး တိုက်ပွဲများအတွင်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပိတ်ဆို့ဖမ်းဆီးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။
ယင်းထိတွေ့မှုများနှင့် ပိတ်ဆို့ဖမ်းဆီးမှုများကြောင့် ခမရ ၁၁၃ မှ ဗိုလ်ကြီး နှစ်ဦးအပါအဝင် ၁၂ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ကာ ဗိုလ်ကြီးနှစ်ဦးနှင့် အရာခံဗိုလ် တစ်ဦးအပါအဝင် ၁၀ဦးထက်မနည်း သေဆုံးခဲ့ကြောင်း PRA – Magwayက ထုတ်ပြန်ထားသည်။