By Ra Wai / MPA
မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် စစ်ကောင်စီတပ်က အင်ဂျင်တပ်လေထီးဖြင့် သန်းခေါင်ကျော် အချိန်ဗုံးကြဲခဲ့ရာ ရေတပ် တပ်ကြပ်၏ ဖခင်နေအိမ် ထိမှန်ခဲ့ပြီး အိမ်နီးနားချင်း အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ (ဇန်နဝါရီ ၂၃ရက်) သန်းခေါင်ကျော် ၁နာရီ ၄၅မိနစ်ခန့်က တောင်သာမြို့နယ်၊ သာစည်ရွာပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီရေတပ်တွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် တပ်ကြပ်တစ်ဦး၏ ဖခင်နေအိမ်သို့ ကျရောက်ပေါက်ကွဲ မီးလောင်ခဲ့ပြီး အသက် ၇၀အရွယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း လူထုလှုပ်ရှားမှုကော်မတီ – တောင်သာက သတင်းထုတ်ပြန်သည်။
” ဗုံးသီးက နှစ်နေရာချတာဗျ။ တစ်နေရာက ကားလမ်းပေါ်ကျပြီးတော့ အထိအခိုက်မရှိဘူး။ တစ်နေရာက ဦးစိန်ဝင်းအိမ်ပေါ်တည့်တည့်ကျသွားတာပေါ့နော်။ ဘေးက သေဆုံးတဲ့သူကတော့ အိမ်နီးနားချင်းပါ။ ဘာမှဆွေမျိုးတော်စပ်တာမရှိဘူး။ ဦးစိန်ဝင်းအိမ်ပေါ်ကျပြီး မီးလောင်ပေါက်ကွဲသွားပြီးတော့မှ ပတ်ဝန်းကျင်ဘေးနားက အိမ်ကထိခိုက်တာ။ သူကဗိုက်ပွင့်ပြီး သေဆုံးသွားတာ” ဟု တောင်သာမြို့နယ်အနောက်တောင်ခြမ်းနေ ဒေသခံအမျိုးသားတစ်ဦးက MPA သို့ပြောသည်။
ဇန်နဝါရီ ၂၁ရက်တွင် သာစည်ကျေးရွာသို့ ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲစဉ်ကတည်းက ယင်းတပ်ကြပ်၏ ဖခင်ဦးစိန်ဝင်း ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရသည်။
“ မရှိဘူးဗျ၊ ၂၁ ရက်နေ့ကတည်းက ဂျက်ဖိုက်တာနဲ့ တစ်ခါလာပစ်တော့ ထွက်ပြေးတိမ်းရှောင်ကြလို့ပါ” ဟု ၎င်းကပြောသည်။
ဇန်နဝါရီ ၂၁ရက်တွင် သာစည်ကျေးရွာသို့ ဂျက်ဖိုက်တာဖြင့် စစ်တပ်ကဗုံးကြဲသဖြင့် အသက် ၅၅နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့ပျက်စီးခဲ့ကြောင်းသိရသည်။