By Maung Dagon / MPA
စစ်တပ် ဝါဒဖြန့်သမားများနှင့် စစ်ကောင်စီ၊ ပြန်ကြားရေးဝန်ကြီးဌာန၏ လိုင်စင်ရထားသည့် မီဒီယာတိုက်များအနေဖြင့် စစ်တပ်ကို ထိခိုက်စေသည့် အကြောင်းများ ရေးသားပါက အရေးယူမည်ဟု စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက သတိပေးထားကြောင်း ပြည်တွင်း သတင်းသမားများထံမှ စုံစမ်း သိရှိရသည်။
၂၀၂၄ခုနှစ်အတွင်း စစ်ကောင်စီက တိုင်းစစ်ဌာနချုပ် နှစ်ခု လက်လွှတ်ခဲ့ရသည်အထိ ဆုံးရှုံးမှုကြီးမားခဲ့ခြင်းနှင့် ပတ်သက်ပြီး ဝါဒဖြန့်သမားများနှင့် ထောက်ခံသူများကပင် လူမှုကွန်ရက်စာမျက်နှာများ၌ ပြင်းထန်စွာ ဝေဖန်ရေးသားမှုများပြုလုပ်လာပြီးနောက် ယခုကဲ့သို့ သတိပေးမှုများပြုလုပ်လာခြင်းဖြစ်သည်။
“ မဟုတ်မမှန် သတင်းတွေ အပေါ် အခြေခံပြီး အစိုးရနဲ့ တပ်မတော်ကို ထိခိုက်စေနိုင်တဲ့ ရေးသားဖော်ပြမှုများကို ရှောင်ရှားပေးဖို့ Warning ပေးလာတယ်။ စစ်တပ်ဝါဒဖြန့်ချန်နယ်တွေက တပ်ကို ပြောလာလို့ တားချင်တဲ့ သဘောပါ” ဟု ပြည်တွင်း မီဒီယာ တစ်ခု၌ သတင်းထောက်အဖြစ် အလုပ်လုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။
ထို့ပြင် စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားချက်များတွင် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေသည့် အကြောင်းအရာများနှင့် လက်နက်ကိုင်တော်လှန်ရေးကို အားပေးသည့် သတင်းများကို ရေးသားခြင်းမပြုရန် တားမြစ်မှုများ လုပ်ဆောင်ထားသည်။
“ သတင်းမီဒီယာသမားများ အနေဖြင့် အကြမ်းဖက်သမားများကို အားပေးအားမြှောက် ဆန်သည့်သတင်းများ ၊ ပြည်သူများ အထိတ်တလန့် ဖြစ်စေနိုင်သည့် သတင်းများ၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသည့် သတင်းများကို ရေးသားဖော်ပြခြင်း မပြုရန်နှင့် လိုက်နာခြင်း မရှိပါက တည်ဆဲဥပဒေအရ အရေးယူမည်” ဟု စစ်ကောင်စီ ပြန်ကြာရေး၏ သတိပေးချက်တွင် ပါဝင်သည်ကို တွေ့ရသည်။
အဆိုပါ သတိပေးချက်ကြောင့် ပြည်တွင်းရှိ စစ်ကောင်စီ လိုင်စင်ဖြင့် လုပ်ကိုင်နေသော သတင်းဌာနများသည် စစ်ပွဲနှင့် ပြည်တွင်း သတင်းများအား ရေးသားရာတွင် ပို၍ ဆင်ခြင် ရေးသားနေရသည်ဟု သိရသည်။
” စစ်ရှုံးရင် ရှုံးတယ် ရေးလို့ရတာကနေ အခု ဘယ်လို လှည့်ရေး မလဲ စဥ်းစားလာရတာပေါ့၊ သတိပေးချက်က တိတိကျကျမရှိဘူး။ သူတို့အကြောင်း ဘာပဲ ရေးရေး သူတို့ ကောက်ချက် ချခြင်သလိုချပြီး ဖမ်းချင်ကောက်ဖမ်းလိုက် လို့ရတယ်။ အဲ့ဒါကို ပေါ်တင် ပြောလိုက်တဲ့ သဘောပါပဲဗျာ ” ဟု ပြည်တွင်း သတင်းထောက်တစ်ဦးက ရှင်းပြသည်။
စစ်ကောင်စီသည် အဖော်အချွတ်နှင့် လူအများ အုတ်အော်သောင်းနင်း ဖြစ်စေမည့် သတင်းများ မလုပ်ရန်လည်း ဆင်ဆာ ပိုတင်းကျပ်ထားပြီး MTV ရိုက်ကူးမှုများထိ ထိန်းချုပ်မှုများကို ပြုလုပ်လာသည်ဟု သိရသည်။
ယမန်နှစ်က အချစ်ခံကြည့်၊ စောင့်ပတ်၊ ဘီယာဗိုက် စသည့် တေးသီချင်း MTV များ၏ သီချင်း စာသားများသည် ယဥ်ကျေးမှုနှင့် မလျော်ညီဟုဆိုကာ ရိုက်ကူးဖန်တီးသည့် အနုပညာရှင်များကို ၀ရမ်းထုတ် ဖမ်းဆီးမှုများရှိခဲ့သည်။
စစ်တပ်၏ ပုံရိပ်ကို ထိခိုက်စေသည်ဟု ဆိုခြင်းနှင့် ယဥ်ကျေးမှုနှင့် မညီဟု ဆိုသည်များ တင်သည်ဟု ဆိုကာ အာဏာပိုင်များနှင့် ညှိနှိုင်း၍ လူမှုကွန်ရက်တွင် တင်ထားသည့် ပိုစ့်များကို ပြန်ဖျက်ရသည်များ မကြာခဏ ရှိလာသည်ဟု အနုပညာသတင်းဌာနများ၌ လုပ်ကိုင်နေသူများ၏ ပြောဆိုမှုအရ သိရသည်။
” အနုပညာသတင်းတွေလည်း ကြည့်လုပ်နေရတယ်။ အရမ်း ပေါက်(လူကြည့်များ) တယ်ဆိုပြီး လုပ်ချလိုက်လို့ တစ်ခုခု ငြိနေပြီဆိုရင် ကိုယ်ပါ ပြဿနာထဲ ပါလာပြီပဲ “ ဟု ပြည်တွင်း အနုပညာသတင်းထောက် တစ်ဦးက ရှင်းပြသည်။
မြန်မာနိုင်ငံသည် သတင်းလွတ်လပ်ခွင့် ကမ္ဘာ့အဆိုးရွားဆုံး ဆယ်နိုင်ငံ စာရင်းထဲတွင် ပါဝင်နေပြီး စစ်အာဏာသိမ်းပြီးနောက် သတင်းသမား ငါးဦးထက်မနည်း အာဏာသိမ်း စစ်တပ်ကြောင့် သေဆုံးခဲ့ရကာ၊ ၁၃၀ထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း နယ်စည်းမခြား သတင်းသမားများ အဖွဲ့ (RSF) ၏ အစီရင်ခံစာတွင် ဖော်ပြထားမှုအရသိရသည်။

