By Sayar Ngaat / MPA
အကျဥ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားသေဆုံးမှုများတွင် စစ်တပ်မှ ခိုင်းသည့်အတိုင်း ဆေးစာများ ရေးမပေးရန် ထောင်ဆရာဝန်များကို မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM )မှ တောင်းဆိုထားသည်။
အာဏာသိမ်းပြီးနောက်ပိုင်းအကျဉ်းထောင်အသီးသီး၌ တာဝန်ကျနေသည့် ထောင်ဆရာဝန်များသည် နိုင်ငံရေးအကျဉ်းသားများ သေဆုံးသည့်အခါ စစ်တပ်နှင့် ထောင်အာဏာပိုင်များက ရေးခိုင်းသည့်အတိုင်း ဆေးမှတ်တမ်းများကို ရေးသားမှု များပြားလာကြောင်း PPNM မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
” စစ်တပ်နဲ့ ထောင်အာဏာပိုင်တွေ လိုလားတဲ့၊ ရေးခိုင်းတဲ့ ပုံစံမျိုးကို ဆေးစာ ရေးတာမျိုးတွေ များလာတယ်။ဆရာဝန်တွေကို ပြောပြချင်တာကလူရဲ့အသက်ကို ကယ်ရမှာ ဖြစ်တဲ့အတွက် မိမိ ယုံကြည်ရာတစ်ခုကိုပဲ လုပ်ကြဖို့ပါ၊ ဒါပေမဲ့ ထောင်အာဏာပိုင်တွေ အလိုကျ၊ စစ်ကောင်စီအလိုကျ၊ ဆေးမှတ်တမ်းတွေ ရေးမပေးဖို့ဘဲ အသိပေးချင်ပါတယ် ” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။
အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများသည် ဒဏ်ရာများဖြင့် သေဆုံးခဲ့သော်လည်း ထောင်အာဏာပိုင်များက မိသားစုဝင်များကို ရောဂါဖြင့် သေဆုံးသည်ဟု ပေးပို့နေသဖြင့် ယင်းကဲ့သို့ ထောင်ဆရာဝန်များကို ထောက်ပြရခြင်းဖြစ်ကြောင်း ကိုသိုက်ထွန်းဦးက ဆက်လက်ရှင်းပြသည်။
၂၀၂၄ခုနှစ်အတွင်း မြန်မာနိုင်ငံနေရာအနှံ့အပြားရှိ အကျဉ်းထောင်အသီးသီး၌ လုံလောက်စွာ ကျန်းမာရေးစောင့်ရှောက်မှု မရရှိခဲ့သဖြင့် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ (၂၂)ဦးအထိရှိကြောင်း ယမန်နှစ်၊ ဒီဇင်ဘာ ၃၁ရက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံ ရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်ထားသည်။
အလားတူ ပြီးခဲ့သည့် ၂၀၂၃ခုနှစ်အတွင်း လုံလောက်စွာ ကျန်းမာရေးစောင့်ရှောက်မှု မရရှိခဲ့သဖြင့် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ (၁၇)ဦးအထိရှိကြောင်းလည်း သိရသည်။
” ထောင်ထဲမှာ ကျမ ငှက်ဖျား ဖြစ်တာတောင် ဆေးက မရဘူး၊ သူတို့က(အကျဉ်းဦးစီးဌာန) ဘာဖြစ်ဖြစ် ပါရာစီတမော့ တစ်မျိုးဘဲ ပေးတယ်။ ငှက်ဖျားပိုး ဦးနှောက်ထဲ ရောက်လို့ သေရင် တောင်မှ လူ့အသက်တစ်ချောင်းက သိပ်အရေးမကြီးသလို ဖြစ်နေတယ် “ ဟု ဒိုက်ဦးအကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသူတစ်ဦးက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံအနှံ့ရှိ အကျဉ်းထောင်များအတွင်း ဆေးဝါး စောင့်ရှောက်မှု မလုံလောက်မှုမျာကြောင့် သေဆုံးနေရသည့် နိုင်ငံရေးအကျဉ်းသားဦးရေသည် တဖြည်းဖြည်းမြင့်တက်လာခြင်းကြောင့် နိုင်ငံရေး အကျဉ်းသားများ၏ ကျန်းမာရေးအတွက် မိသားစုဝင်များသည် စိုးရိမ်လျက်ရှိနေသည်။
” ဆေးက မြန်မာဆေးဆိုရင် ပို့လို့ရတယ်။ အင်္ဂလိပ်ဆေးဆို ပို့ရချင်တဲ့အခါမှ ရတာ၊ တစ်ခါတစ် လေကျ ပို့ရလည်း ရောက်ချင်မှ ရောက်တယ်။ ဆေး တွေကို သေချာ ပို့မရတာရောအထဲမှာ ဆေးကောင်းကောင်း မပေးတာတွေ ကြောင့် ကျန်းမာ ရေးအတွက် စိတ်ပူနေရတယ် “ ဟု နိုင်ငံရေး အကျဉ်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ တစ်ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၂ရက်အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၈၃၂၇ ဦးရှိပြီး လက်ရှိ အကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသူ ၂၁၆၁၀ ဦးရှိနေကြောင်းနိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း-AAPP၏ စာရင်းများ၏အရ သိရသည်။