By Ra Wai / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချခဲ့ရာ ပြည်သူ ရှစ်ဦးသေဆုံးကြောင်း သိရသည်။
ယနေ့ (ဇန်နဝါရီ၂၂ရက်) နံနက် ၁၁နာရီ၂၄မိနစ်ခန့်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲချခဲ့ခြင်းဖြစ်ပြီး နောင်ချိုမြို့နယ်ရဲစခန်းနှင့် ပါရမီလက်ဖက်ရည်ဆိုင်သို့ ကျရောက်ခဲ့ရာ တစ်ဦးဒဏ်ရာရကာ အိမ်နှစ်လုံးနှင့်ရဲစခန်း ထိခိုက်ပျက်စီးခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။
“နှစ်ရက်ဆက်တိုက် ပြည်သူကို ဗုံးကြဲသတ်ဖြတ်ခြင်းပေါ့။ ရဲစခန်းနားက လက်ဖက်ရည်ဆိုင်ထဲ ကျတာ။ဆိုင်ရှင်ရော ထိုင်နေတဲ့သူရော အကုန်ပွဲချင်းပြီးသွားတယ်။တစ်ယောက်တော့ ကံကောင်း ပြီး မထိလိုက်ဘူးလို့ ကျတော်တို့လူတွေဆီက သိရတယ်” ဟု ရှမ်းမန်းဧရိယာတွင် တိုက်ပွဲဝင်နေသော တော်လှန်ရေးရဲဘော်တစ်ဦးက MPAသို့ပြောသည်။
နောင်ချိုမြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးနှင့်လည်း ပစ်ခတ်နေကြောင်း သိရ သည်။
“စစ်တပ်ရဲ့ ကြောက်စရာကောင်းတဲ့ အငြိုးပေါ့။ပြည်သူတွေ မနေရဲအောင် လုပ်တာ။ ပြီးတော့ နောင်ချိုပြန်ရမလားဆိုပြီး အိပ်မက်ပြန်မက်ပုံလည်း ရတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ယနေ့သေဆုံးသူများမှာ အမျိုးသမီးသုံးဦးနှင့် အမျိုးသားငါးဦးဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီ၂၁ရက်၊မွန်းလွဲနှစ်နာရီခန့်ကလည်း နောင်ချိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် စည်ပင်ရုံးအနီးသို့ စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ် ရာရခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။

