By Maung Dagon / MPA
အကယ်ဒမီရ သရုပ်ဆောင်လည်းဖြစ်၊ မြန်မာနိုင်ငံ နာရေးကူညီမှုအသင်း ဥက္ကဌလည်းဖြစ်သည့် ဦးကျော်သူပါဝင် သရုပ်ဆောင်ထားသော ခြေဆယ့်တစ်လှမ်း ရုပ်ရှင်ဇာတ်ကားသည် ရုံတင်ရန် ခွင့်ပြုခွင့်ရထားပြီးမှ စစ်ကောင်စီက ပြန်ပိတ်လိုက်ကြောင်း အနုပညာရှင်အသိုင်း၀ိုင်းထံမှ စုံစမ်းသိရှိရသည်။
အဆိုပါရုပ်ရှင်သည် ယနေ့(ဇန်နဝါရီ ၂၂ရက်)ညတွင် ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံ၌ အထူးပွဲအဖြစ် ပြသရန် စီစဉ်ထားသော်လည်း စစ်ကောင်စီက ပိတ်ပင်ခဲ့ခြင်းကြောင့် ပွဲပျက်ခဲ့ခြင်းဖြစ်သည်။
” ကျမရဲ့ ခြေ ၁၁ လှမ်း ရုပ်ရှင်ကား မပြဖြစ်တော့တဲ့ အတွက်ကျမဖိတ်ကြားထားသူ အားလုံးကိုအားနာပါတယ်” ဟု ခြေဆယ့်တစ်လှမ်းရုပ်ရှင်၏ ဇာတ်ညွှန်းရေးဆရာမ မမယ်ခိုင်က ၎င်း၏ လှုမှုကွန်ရက် စာမျက်နှာ၌ ရေးသားထားသည်။
ထိုကဲ့သို့ ရုပ်ရှင်အထူးပွဲပြသရန် မီဒီယာများကို ဖိတ်ကြားထားပြီး မိတ်ဆက်ပြသမည့်ပွဲ ပျက်ရခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း အနုပညာသတင်းထောက်တစ်ဦးက ပြောသည်။
” Press Show လုပ်ရင် ဆင်ဆာကျလို့ပဲ၊ ဒါမျိုးက ပထမဆုံး ကြုံဖူးတာပဲ” ဟု ပြည်တွင်း အနုပညာသတင်းထောက် တစ်ဦးက ပြောသည်။
ခြေဆယ့်တစ်လှမ်းရုပ်ရှင် ဇာတ်ကားမှာ စာရေးဆရာ သိုးဆောင်းက ၄င်း၏ ဝတ္ထုအား ကိုယ်တိုင် ဒါရိုက်တာလုပ် ရိုက်ကူးထားခြင်း ဖြစ်ပြီး သရုပ်ဆောင်ကျော်သူ၊ အလင်းရောင် နှင့် ခင်ဝင့်ဝါ အပါအဝင် သရုပ်ဆောင် အများအပြား ပါဝင်ထားသည်။
ယခုကဲ့သို့ ပိတ်ပင်ခြင်းသည် စစ်ကောင်စီက ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဝရမ်းထုတ်ထားသည့် မြန်မာနိုင်ငံ နာရေး ကူညီမှုအသင်းဥက္ကဌ ဦးကျော်သူ ပါဝင်သရုပ်ဆောင်ထားသည့် ဇာတ်ကား ဖြစ်ခြင်းကြောင့်ဟု မှတ်ချက်ပေးမှုများရှိသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။
” ဇာတ်ကားက ယဥ်ကျေးမှုနဲ့ မညီတာလည်း မပါဘူး။ ဦးကျော်သူပါလို့ ပိတ်တာဖြစ်ဖို့များပါတယ်။ အတိအကျတော့ မသိရသေးဘူး” ဟု အဆိုပါ ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်သူများနှင့် ခင်မင်ရင်းနှီးသူတစ်ဦးက ပြောသည်။
အဆိုပါ ခြေဆယ့်တစ်လှမ်း ရုပ်ရှင်အား ဇန်နဝါရီ ၂၀ရက်တွင် အနုပညာရှင်များအတွက် သီးသန့်အထူးပွဲ အဖြစ်ပြသခဲ့သေးသည်။
” ဦးကျော်သူ အလွမ်းပြေကြည့်ရလောက်အောင် ကောင်းလွန်ပါတယ်။ ကြည့်ရတာတန်တယ်” ဟူသည့် စာသားများပါသည့် ရုပ်ရှင် အညွှန်းသုံးသပ်ချက်အား အဆိုပါ သီးသန့်ပွဲ ကြည့်အပြီးတွင် ဒါရိုက်တာ ကြည်ဖြူသျှင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
သို့သော် အဆိုပါ ပို့စ်အား လက်ရှိအချိန်တွင် ပြန်ဖျက်ထားသည်။
စစ်ကောင်စီသည် ၄င်းတို့အား ဆန့်ကျင်ကာ နွေဦးတော်လှန်ရေးတွင် ပါဝင်နေသည့် အနုပညာအချို့အား နိုင်ငံသား စာရင်းမှ ပယ်ဖျက်ကာ ဖမ်းဝရမ်းထုတ်ထားသည်။
ဦးကျော်သူသည် နိုင်ငံသားစာရင်းမှ ပယ်ဖျက်ခြင်း မခံထားရသော်လည်း ဇနီးဖြစ်သူ ဒေါ် ရွှေဇီးကွက်နှင့်အတူ ဖမ်းဝရမ်း ထုတ်ခံထားရပြီး ၂၀၂၂ခုနှစ်၊ သြဂုတ်လတွင် မရမ်းကုန်းမြို့နယ်ရှိ ၄င်း၏ နေအိမ်အား စစ်ကောင်စီက ချိတ်ပိတ်ခဲ့ကြောင်း သိရသည်။
ယခု ခြေဆယ့်တစ်လှမ်း ရုပ်ရှင်သည် ဦးကျော်သူ ပါဝင်သရုပ်ဆောင်ထားခဲ့သည့် ရုပ်ရှင်ဖြစ်ပြီး ဇန်နဝါရီ ၂၄ ရက်၌ ရုံတင်ပြသရန် ခွင့်ပြုထားပြီးကာမှ ရုံတင်ပြသခွင့်ပါ ပိတ်ပင်ခံလိုက်ရခြင်း ဖြစ်သည်။