By Jar Seng / MPA
စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်ရှိ စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း၊ ရမ်းဗြဲမြို့နယ်အတွင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူများထံမှ စုံစမ်းသိရှိရသည်။
ရမ်းဗြဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များသည် ဆန်၊ ဆီ၊ ဆားနှင့် မီးဖိုချောင်သုံးပစ္စည်းများအပြင်၊ ဆောင်းရာသီဖြစ်သည့်အတွက် အနွေးထည်များ၊ ဆေးဝါးများနှင့် အမိုးအကာများလိုအပ်လျက်ရှိနေသည်။
“ ရမ်းဗြဲဒေသခံတွေ အပါအဝင် တောင်ကုတ်၊ အမ်း၊ ကျောက်ဖြူကနေ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေကောဆို စစ်ဘေးရှောင် တစ်သောင်းကျော်ရှိတယ်။ အဲ့ဒီစစ်ဘေးရှောင်တွေအတွက် ဆန်အပါအဝင် အရေးပေါ်စားနပ်ရိက္ခာတွေ လိုအပ်နေပါတယ်။ ကလေးငယ်တွေအတွက်လဲ အဟာရအစာတွေလိုအပ်ပါတယ် ” ဟု ရမ္မာမြေစစ်ဘေး ကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိ စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်း အရပ်သားပြည်သူများနေထိုင်ရာသို့ လေကြောင်းအသုံးပြုပြီး မကြာခဏ ဗုံးကြဲမှုများ ပြုလုပ်နေခြင်းကြောင့် စစ်ဘေးရှောင်များသည် အသက်ရှင်သန်ရေးအတွက် တော၊ တောင်များအတွင်း နေထိုင်ရသည့် အအေးဒဏ်ကို ပိုမိုခံစားနေရသည်။
ထို့ပြင် စစ်ကောင်စီက ရမ်းဗြဲမြို့အတွင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်များနေထိုင်သည့် နေရာများလည်း ပျက်စီးခဲ့သည့်အတွက် စားနပ်ရိက္ခာပိုမိုလိုအပ်နေခြင်းဖြစ်ပြီး ဆန်တစ်ဗူးတတ်နိုင်သည်ဖြစ်စေ၊ ဆန်တစ်ပြည်တတ်နိုင်သည်ဖြစ်စေ ကူညီပေးရန် ရမ္မာမြေစစ်ဘေးကူညီရေးအဖွဲ့က တိုက်တွန်းထားသည်။
“ ရမ်းဗြဲမြို့ အနီးတစ်၀ိုက်မှာ ရခိုင်လူမျိုး စစ်ဘေးရှောင် ၂၀၀၀ကျော်၊ ရိုဟင်ဂျာစစ်ဘေးရှောင် ၂၀၀၀ကျော်နဲ့ စနဲမြို့က စစ်ဘေးရှောင် ၅၀၀ကျော်ရှိပါတယ်။ စစ်ကောင်စီက ခဏခဏ ဗုံးကြဲလို့ သူတို့လည်းမပြန်ရဲသေးဘူး။ စစ်ဘေးရှောင်အများစု လုံခြုံတဲ့နေရာမှာ အခက်အခဲများစွာနဲ့ နေနေရတယ် ” ဟု ရမ္မာမြေစစ်ဘေးကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောသည်။
အအေးဒဏ်ကြောင့် ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများသည် ဖျားနာမှုများရှိသော်လည်း အလှူငွေမရှိသဖြင့် ကာကွယ်ဆေးထိုးရန်နှင့် အဟာရတိုက်ကျွေးမှုများ လုပ်ဆောင်ရန် အားနည်းလျက်ရှိကြောင်း ၎င်းက ဆိုသည်။
အလားတူ ကလေးသူငယ်များ၊ အမျိုးသမီးမိခင်များ နှင့် သက်ကြီးရွယ်အိုများအတွက် ကာကွယ်ဆေးထိုးရန်နှင့် အာဟာရတိုက်ကျွေးမှုများပါ အရေးပေါ်လုပ်ဆောင်ရန် လိုအပ်နေသော်လည်း အလှုငွေများ မရှိသဖြင့် ကူညီထောက်ပံ့မှုများ နှောင်းနည်းလျက်ရှိသည်ဟုဆိုသည်။
“ကလေးတွေ၊ မိခင်တွေ၊ သက်ကြီးရွယ်အိုတွေအတွက် ကာကွယ်ဆေးထိုးဖိုးနဲ့အာဟာရတိုက်ကျွေးဖို့ လိုအပ်နေတာပါ။ အလှုငွေတွေ ရတာလည်း နည်းလာပါတယ်။ ကျတော်တို့အနေနဲ့ လည်း လစဉ်ကူညီမှုတွေလုပ်ဆောင်နေပေမယ့် မနည်း ရုန်းကန်နေရပါတယ်”ဟု ရမ်းဗြဲမြို့နယ်အတွင်း လူမှုရေးလုပ်ငန်းများဆောင်ရွက်နေသူတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ရှစ်ရက်က ရမ်းဗြဲမြို့နယ်၊ ကျော်နီမော်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် အရပ်သား ၃၀ကျော်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့သည်။
ထိုကဲ့သို့ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးထိခိုက်မှုများအပြင် နေအိမ် ၄၀၀နီးပါး ပျက်စီးခဲ့ရသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် အရပ်သားပြည်သူများသည် အခက်အခဲများစွာ ကြုံတွေ့နေရသည့်အတွက် ပြည်သူများကို ULA / AAက စားနပ်ရိက္ခာ အရေးပေါ်ကူညီထောက်ပံ့မှုများပြုခဲ့ကြောင်း ULA/ HDCO က ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံတစ်ဝန်း စစ်ရှုံးနေသည့် စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများကို ရည်ရွယ်ချက်ရှိရှိဖြင့် လေကြောင်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုများကို နေ့စဉ်ပြုလုပ်နေခြင်းကြောင့် လူနေအိမ်၊ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံ၊ စျေးနှင့် လမ်းတံတားများ ပျက်စီးမှုအပြင် အရပ်သားပြည်သူများလည်း နေ့စဉ်နီးပါး သေဆုံးနေရသည်။
၂၀၂၅ခုနှစ်၊ ဇန်နဝါရီ တစ်ရက်မှ လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၈၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၉၀ ဦးထက်မနည်းရှိခဲ့ကြောင်း ပရဟိဆောင်ရွက်နေသူများ၏ အချက်အလက်များအရသိရသည်။
ထို့ပြင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလအထိ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားသည့် တိုက်ပွဲများနှင့် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၇၀၀ကျော်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၁၅၀၀ကျော်အထိရှိကြောင်း ULA/HDCO ၏ စာရင်းများအရသိရသည်။