By Garcia Ni / MPA
တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့နှင့် အနီးတ၀ိုက်ကျေးရွာများကို စစ်ကောင်စီက တစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့မှုကြောင့် ဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရေကြောင်း စုံစမ်းသိရှိရသည်။
တော်လှန်ရေးတပ်ဖွဲ့များသိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့နှင့် အနီးတဝိုက်ကျေးရွာများကို
စစ်ကောင်စီသည် ခမ်းပါတ်မြို့နှင့်အနီးပတ်ဝန်းကျင်ကျေးရွာများကို ပြီးခဲ့သည့် ဇန်နဝါရီ၁၆ရက်၊ ၂၀ရက်၊ ၂၁ရက်နှင့် ယနေ့(ဇန်နဝါရီ၂၂ရက်)၊ နံနက်၁၀ နာရီခန့်တွင် ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ခမ်းပါတ်ဒေသခံအမျိုးသားတစ်ဦးက MPAကိုပြောသည်။
” ပထမဆုံးချတဲ့ရက်ပဲ အသေအပျောက်နဲ့ ဒဏ်ရာရတာ ကြားတာ? နောက်ရက်တွေတော့ အသေအပျောက်မကြားမိသေးဘူး “ ဟု ၎င်းကဆိုသည်။
စစ်ကောင်စီသည် ဇန်နဝါရီ၁၆ရက်၊ ည၈နာရီခွဲခန့်တွင် ဂျက်ဖိုက်တာနှစ်စင်းဖြင့် ခမ်းပါတ်မြို့အမှတ်(၁)ရပ်ကွက်နှင့် ကနန်ကျေးရွာဘုန်းကြီးကျောင်းတို့အားလေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပလဖရဲဘော်တစ်ဦးနှင့် သုံးနှစ်အရွယ်ကလေးငယ်တစ်ဦးတို့သေဆုံးခဲ့ကာ အမျိုးသမီးနှစ်ဦး၊ ရဲဘော်သုံးဦးနှင့် ဘုန်းကြီးတစ်ပါးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ထို့ပြင် ဇန်နဝါရီ ၂၀ရက်၊ ၂၁ရက်နှင့် ယနေ့တို့တွင် ခမ်းပါတ်မြို့အမှတ်(၄)ရပ်ကွက်၊ နန်းကတိတ်ကျေးရွာနှင့် ကျောက်မီးသွေးကွင်းများကို ဦးတည်ကာ စစ်ကောင်စီက ခမ်းပတ်မြို့ကို ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
” ဆက်တိုက်ကြဲနေတော့ နေအိမ်အပျက်အစီး သွားမကြည့်ဖြစ်ကြဘူး။ ၂၀ရက်နေ့ကတော့ နေအိမ်သုံးလုံးနဲ့ ဘုရားကျောင်းတစ်ကျောင်းအနည်းငယ်ပျက်စီးတယ်လို့ ကြားတယ် “ ဟု အထက်ပါဒေသခံကဆက်ပြောသည်။
စစ်ကောင်စီ၏ ယခုတစ်ပတ်အတွင်းလေကြောင်းတိုက်ခိုက်မှုများကြောင့် ခမ်းပါတ်မြို့ပေါ်နှင့်အနီးပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူ့နေအိမ်များထိခိုက်ပျက်စီးမှု အလုံး(၃၀)ဝန်းကျင်ရှိနိုင်သည်ဟု ခန့်မှန်းရသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ခမ်းပါတ်ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
လက်ရှိတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ခမ်းပါတ်ဒေသခံပြည်သူ လေးပုံသုံးပုံခန့် ဘေးလွတ်ရာသို့ရှောင်တိမ်းနေကြရပြီး စားသောက်နေထိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုအကူအညီများ လိုအပ်လျက်ရှိကြောင်းသိရသည်။
ယခုကဲ့သို့ စစ်ကောင်စီက ခမ်းပါတ်မြို့ကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခြင်းသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ထွက်ပေါ်ခဲ့သော တမူးမြို့သိမ်းတိုက်ပွဲသတင်းများကြောင့် ဖြစ်နိုင်သည်ဟု ယူဆသူများလည်းရှိပြီး တမူးမြို့တွင်းမှ ဒေသခံများအနေဖြင့်လည်း ယခုရက်ပိုင်းအတွင်း နေရပ်စွန့်ခွာရှောင်တိမ်းမှုများရှိနေသည်။
” မြို့ထဲကရှောင်နိုင်သူတွေကတော့ လွတ်မယ်ထင်ရာ ရှောင်တဲ့လူတွေကရှောင်နေကြပြီ၊ မရှောင်နိုင်တဲ့လူတွေကတော့ ဖြစ်လာမှမီးစင်ကြည့်ကရမှာဘဲ “ ဟု တမူးဒေသခံအမျိုးသားတစ်ဦးကပြောသည်။
တမူးမြို့သိမ်းတိုက်ပွဲသတင်းများထွက်ပေါ်ခဲ့ပြီးနောက် တမူးခရိုင်အတွင်း MPTဖုန်းလိုင်းများပြတ်တောက်နေသည်မှာ ရက်၂၀ခန့်ရှိပြီဖြစ်ပြီး ယမန်နေ့ကစ၍ Ooredooဖုန်းလိုင်းများလည်း ပြတ်တောက်သွားသည်။
အိန္ဒိယ-မြန်မာအဓိက ကုန်သွယ်ရေးလမ်းကြောင်း၊ တမူး-ကလေးကားလမ်းမကြီးပေါ်တွင်ရှိသော ခမ်းပါတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၂၀၂၃ခု၊ နိုဝင်ဘာခုနှစ်ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်ကိုင်းတိုင်းအတွင် ရုံးစိုက်၍ အုပ်ချုပ်ရေးယန္တယားများစတင်လည်ပတ်တော့မည်ဟု ယခုလအတွင်း ပြောဆိုခဲ့ပြီးနောက် စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများသိမ်းပိုက်ထားသည့်မြို့များကို စစ်ကောင်စီကဦးတည်လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာခြင်းဖြစ်သည်။