By Ra Wai / MPA
မွန်ပြည်နယ်အတွင်း PDFကင်းစင်မြို့များတွင် တာဝန်ကျနေသော ရဲတပ်ဖွဲ့ဝင်များမှာ တိုက်ပွဲပြင်း ထန်သည့်ဒေသများသို့ အပို့မခံရရေးအတွက် လစဉ် လိုင်းကြေးပေးနေရကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်း တော်လှန်ရေးအင်အားစုများ မရှိသော မော်လမြိုင်၊ချောင်းဆုံ၊ပေါင်နှင့်မုဒုံတို့ တွင် တာဝန်ကျနေသော ရဲတပ်ဖွဲ့ဝင်တို့မှာ တိုက်ပွဲများရှိသည့် ရေး၊သံဖြူဇရပ်၊ကျိုက်မရော၊ သထုံ၊ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်တို့သို့ ပြောင်းရွှေ့မခံရရေးအတွက် မြို့နယ်မှူး၊ခရိုင်ရဲမှူးနှင့် ပြည်နယ်ရဲမှူးတို့ထံ လစဉ် လိုင်းကြေးပေးနေရခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူထံက သိရသည်။
“နှစ်ချက်ရှိတယ်။ပထမတစ်ချက်က PDFမရှိတဲ့မြို့တွေမှာ အာဏာသိမ်းပြီးနောက်ပိုင်း တရားမဝင် အလုပ်တွေ သိပ်ကောင်းတော့ ရဲတွေက လုပ်စားလို့ကောင်းတယ်။ ဝင်ငွေကောင်းတယ်။နောက်တစ် ချက်ကတော့ အသက်အန္တရာယ်ပေါ့။ရေးမြို့နယ်လိုနေရာမျိုး အပြောင်းခံရရင် အချိန်မရွေးသေနိုင် တယ်။အဲဒီအတွက် လိုင်းကြေးပေးကြရတာ”ဟု ၎င်းက MPAသို့ပြောသည်။
လိုင်းကြေးကို ရာထူးအဆင့်၊ လုပ်ပိုင်ခွင့်နှင့် တရားမဝင်အလုပ်ပေါများမှုအခြေအနေအပေါ်မူတည် ကာ ပေးဆောင်ရကြောင်း သိရသည်။
“ကျတော်တို့ ချောင်းဆုံမှာက ရဲတွေ လုပ်စားလို့ သိပ်ကောင်းတာဆိုတော့ နယ်ထိန်းအင်ချပ်တို့ဘာ တို့ကအပေါ်ပိုင်းကို လတိုင်းလိုင်းကြေး ကောင်းကောင်းပေးရတယ်” ဟု ချောင်းဆုံမြို့မရဲစခန်းနှင့် နီးစပ်သူတစ်ဦး ကပြောသည်။
အထက်အရာရှိများကို မထီမဲ့မြင်ပြုလျှင် အခြားမြို့သို့ပြောင်းပို့မည်ဆိုသည့်စကားမှာ ရဲတပ်ဖွဲ့ဝင်များ ကြား အထက်အောက် ခြိမ်းခြောက်နေကျစကားဖြစ်နေကြောင်း သိရသည်။
“ကျတော်တို့ ဒီဘက်ခြမ်းမှာဆို တိုက်ပွဲပြင်းထန်လာတဲ့ ရေး (ရေးမြို့နယ်) မပြောနဲ့၊သံဖြူဇရပ်နဲ့ ကျိုက်မရောလောက် အပြောင်းခံရရင်ကို သေလမ်းနီးနေပြီ။မသေတောင် အကြံအဖန်ဂွင်က နည်း သွားပြီ” ဟု ၎င်းက ဆက်လက်ပြောသည်။
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် လောင်းကစားဝိုင်းမျိုးစုံရှိသဖြင့် ရဲတပ်ဖွဲ့ဝင်တိုင်း တာဝန်ကျချင် သည့်နေရာဖြစ်ပြီး ရေးမြို့နယ်သည် တိုက်ပွဲအပြင်းထန်ဆုံးဒေသဖြစ်၍ ရဲတပ်ဖွဲ့ဝင်တိုင်း မသွားချင် သောနေရာဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူက ပြောသည်။
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တိုင်းတွင် စစ်တပ်နှင့်ရဲတို့ထံ လိုင်းကြေးပေးကာ မူးယစ်ဆေးဝါး ရောင်းချသူ ပေါများလျက်ရှိသည်။