By Ko Paing / MPA
စစ်ကိုင်းတိုင်း၊ မုံရွာ – ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ ယာဥ်မောင်းစစ်သား တစ်ဦးသေဆုံးကြောင်းသိရသည်။
ဇန်နဝါရီ ၂၁ ရက်၊ မွန်းလွဲ ၂ နာရီ ၄၄ မိနစ်တွင် မုံရွာ-မန္တလေးလမ်းပိုင်း၊ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းကို လုံခြုံရေးယူပေးသည့်ကားကို ပြင်းအားမြင့် လေးလုံးတွဲ ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း Area 71 People’s Defense Force ထံက သိရသည်။
“ကျတော်တို့ မိုင်းဆွဲတာက လုံခြုံရေးယူပေးတဲ့ သုံးစီးမြောက်ကားရဲ့ခေါင်းပိုင်းကို မိုင်းဆွဲတာ။ မိုင်းထိမှန်ပြီး မီတာ ၂၀၀ လောက်မှာ ကားက ရပ်သွားတယ်။အဲ့ဒီကနေ တရစပ်ပစ်တော့တာပဲ”ဟု Area 71 People’s Defense Force တာဝန်ခံ ကိုထွန်း ကMPAသို့ ပြောသည်။
မိုင်းဆွဲခံရပြီးနောက် စစ်သားများက အနီးဝန်းကျင်ကို ပြန်လည်ပစ်ခတ်မှုများပြုလုပ်ခဲ့သော်လည်း Area 71 People’s Defense Force တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
“ကျတော်တို့ နောက်ဆက်တွဲသတင်းရ မိုင်းဆွဲခံရတဲ့ကားက ကားဒရိုက်ဘာ သေတယ်လို့သိရတယ်။ကျတော်တို့က ရပ်ရွာဘေးနား မိုင်းဆွဲရတာ။ကားက လဲသွားရင်တောင် ကျတော်တို့အနေနဲ့ ကပ်လို့မရအောင် သူတို့က ကင်းပုန်းတွေချက်ချင်းချပြီး ပစ်တော့တာ”ဟု ၎င်းကဆိုသည်။
ယင်းမိုင်းဆွဲခံရသောကားနှင့် ကားတန်းသည် ခေတ္တမျှသာ ရပ်တန့်ပြီးနောက် စစ်ကိုင်းဘက်သို့ ဆက်လက်မောင်းနှင်သွားကြောင်းသိရသည်။
ယာဉ်မောင်းတပ်သားသေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။