By Nway / MPA
နိုင်ငံတစ်ဝန်းတွင် စစ်အုပ်စုကြောင့် ပညာရေးကဏ္ဍမှ ဆရာမနှင့်ကျောင်းသူ ၇၂ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ယင်းစာရင်းမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်အထိဖြစ်ပြီး ဆရာနှင့် ကျောင်းသား ၁၈၀လည်း သေဆုံးခဲ့ကာ စစ်အုပ်စုကြောင့် သေဆုံးသူ စုစုပေါင်း ၂၅၂ဦးကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ကြောင်း ယင်းသေဆုံးမှုထဲ၌ အသက် ၁၈ နှစ်အောက် ကလေးငယ် ၈၈ဦး ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သတင်းထုတ်ပြန်သည်။
“ စစ်တပ်ကြောင့် အရွယ်မရောက်သေးတဲ့ကလေးတွေပါသေဆုံးနေရတယ်။ အေးအေးလူလူ မိဘရင်ခွင်ကနေ စာသင်ကြားရမယ့်အရွယ်တွေ ဗုံးသံ၊ ကျည်ဆန်တွေကြားထဲ နေနေ၊ စာသင်နေရတဲ့ကလေးတွေက နိုင်ငံအနှံ့ရှိနေပါတယ်။ အခုထိ စစ်ကိုင်းတိုင်း၊ လက်ယက်ကုန်းရွာ စာသင်ကျောင်း လေကြောင်းပစ်ခံရတဲ့ဖြစ်စဉ်က ကျမတို့ရင်ထဲမှာ ရှိနေဆဲပါ” ဟု ပြည်တက္ကသိုလ်၊ ရူပဗေဒမေဂျာမှ CDM ကျောင်းသူတစ်ဦးက MPA ကိုပြောသည်။
သေဆုံးသူများအနက် စစ်ကိုင်းတိုင်းမှ ၅၄ဦးဖြင့် သေဆုံးမှုအများဆုံးဒေသဖြစ်ခဲ့ကြောင်း AAPP က ဆိုသည်။
သေဆုံးမှုများထဲတွင် စစ်အုပ်စု၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ၁၁၀ဦး ရှိပြီး သေဆုံးမှုအများဆုံးဖြစ်ကာ၊ ၆၈ ဦးမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒုတိယအများဆုံး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်အုပ်စုက ပညာရေးကဏ္ဍမှ ကျောင်းဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ အမျိုးသမီး ၄၂၇ ဦးနှင့် အမျိုးသား ၆၃၄ ဦး ၊ စုစုပေါင်း ၁၀၆၁ ဦးကို နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၎င်းတို့အနက် အသက် ၁၈ နှစ်အောက်ကလေးငယ် ၁၂ဦး ပါဝင်ကြောင်း AAPP က ထုတ်ပြန်ထားသည်။