By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် မိုင်းဆွဲခံရသည့် စစ်ကားပေါ်မှ သေနတ်ဖြင့် ရမ်းပစ်ခတ်ခဲ့ရာ တောတိုက်နေ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့ (ဇန်နဝါရီ ၂၁ရက်) နံနက် ၁၀နာရီ မိနစ်၅၀ခန့်တွင် မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှ ထွက်လာသည့် မိုးကာအုပ်ကားသုံးစီးကို တစ်ကြိမ်၊ ညနေ သုံးနာရီခန့်တွင် သံပြားကာကား ၁၀စီးကို တစ်ကြိမ် ချောင်းဦးမြို့နယ်၊ ချောင်းဦး-မုံရွာလမ်းဘေးတစ်နေရာ၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၁၂တပ်ရင်း၊ တပ်ခွဲသုံး (လျှပ်စီးတပ်ခွဲ)က သတင်းထုတ်ပြန်သည်။
“ မိုင်းတွေက ဆွဲတာများတယ်ဗျ။ မကွဲဘူး။ ဘယ်လိုဖြစ်တယ်မသိဘူး။ အားလုံးမကွဲဘဲနဲ့။ အဲဒါကြောင့် သူတို့အထိအခိုက်လည်းနည်းသွားတာ။ တစ်ပွိုင့်ကို ပဒေသာဆင်ထားတဲ့ အတွဲလိုက်မိုင်းတွေ ငါးလုံးပွိုင့် သုံးပွိုင့်ကိုမှ တစ်ပွိုင့်ပဲကွဲသွားတာ။ မနက်ခင်းရော ညနေခင်းရော တစ်ပွိုင့်စီပဲကွဲသွားတာ” ဟု မုံရွာခရိုင် အမှတ် ၁၂တပ်ရင်း၊ တပ်ခွဲသုံး၏ ပြန်ကြားရေးဝာာဝန်ခံ ကိုစီအေက MPAသို့ပြောသည်။
ညနေခင်းတွင် သံပြားကာကားသုံးစီး မိုင်းဆွဲခံရပြီးနောက် စစ်တပ်ဘက်က သေနတ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တောတိုက်နေ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်။
“ ကျည်ထိမှန်တဲ့အမျိုးသမီးက မိုင်းဆွဲတဲ့နေရာနဲ့ သိပ်မဝေးတဲ့ တောတိုက်ထဲမှာ စစ်ဘေးရှောင်နေတဲ့ အမျိုးသမီးဗျ။ သူ့တဲအိမ်ထဲမှာ နေနေတဲ့အချိန် သူ့သွားမှန်တာဗျ ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းမိုင်းဆွဲတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဘက်က ပျက်စီးမှုနှင့် ထိခိုက်သေဆုံးမှုများကို မသိရှိရသေးကြောင်း ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၂တပ်ရင်း၊ တပ်ခွဲသုံး၊ Eleven People Defense Force၊ Nway Oo Brothers column၊ ဗိုလ်နိုင် လေပွေမုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( မုံရွာခရိုင် အမှတ်-၁၅ တပ်ရင်း ၊ တပ်ခွဲသုံး)နှင့် စစ်ကိုင်းခရိုင် တပ်ရင်းငါးတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။