By Ra Wai / MPA
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် ဆက်ကြေးကောက်နေသည့် ရဲများ မိုင်းဆွဲခံရပြီး တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ယနေ့ (ဇန်နဝါရီ ၂၁ရက်) နံနက်၆နာရီ ၄၅မိနစ်ခန့်တွင် မြင်းခြံမြို့၊ အမှတ် ၂၀ရပ်ကွက်၊ ချောင်းဒေါင်းလမ်းဆုံ၌ နေ့စဉ် ပြည်သူထံမှ ဆက်ကြေးလာကောက်နေသည့် အမှတ်နှစ်ရဲစခန်းက ရဲတပ်သားငါးဦးကို မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger (MBT) သတင်းထုတ်ပြန်သည်။
“ မိုင်းက နှစ်လုံးထောင်ထားတာ။ တစ်ဖက်ကကျ ပြည်သူတွေရှိနေလို့ ဘယ်လိုမှ ခွဲလို့မရဘူး။ တိုင်တွေပတ်နေတာပေါ့။ အဲ့မှာ တစ်ဖက်က သုံးကောင်၊ တစ်ဖက်က နှစ်ကောင်ပေါ့။ သုံးကောင်ဘက်ကို မိုင်းခွဲတာ တစ်ကောင်သေပြီး နှစ်ကောင်ဒဏ်ရာရတာ။ သေနတ်တွေ ဘာတွေထောင်ပစ်သေးတယ်။ ပထမတုန်းက။ နောက်ပိုင်းကျ မပစ်နိုင်ဘဲလဲကျသွားတာ” ဟု Myingyan Black Tiger ခေါင်းဆောင် ဗိုလ်မိုက်ခဲက MPAသို့ ပြောသည်။
သေနတ် ပစ်ဖောက်ပြီး လဲကျသွားသည့် ဒဏ်ရာရရဲနှစ်ဦး၏ အခြေအနေကို မသိရှိရသေးသလို မိုင်း ဆွဲခံရပြီးနောက် မြို့တွင်းလုံခြုံရေးတင်းကျပ်မှုအခြေအနေကိုလည်း မသိသေးကြောင်း ဗိုလ်မိုက်ခဲက ဆိုသည်။
“ အဲ့နားလေးမှာ သေနတ်တွေဘာတွေ ရမ်းသန်းဖောက်နေတာတော့ရှိတာပေါ့၊ ပထမက။ နောက်ဆက်တွဲအနေအထားတော့ မသိရသေးပါဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
ရဲတပ်သားများ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။