By Ra Wai / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယနေ့ (ဇန်နဝါရီ၂၁ရက်) မွန်းလွဲနှစ်နာရီခန့်တွင် နောင်ချိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် စည်ပင်ရုံးအနီးသို့ စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲချခဲ့ခြင်းဖြစ်ပြီး နေအိမ်တစ်လုံးနှင့် စည် ပင်ရုံးထိခိုက်ပျက်စီးခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။
“ကျတော်တို့ သိရတာက ကောင်မလေးတစ်ယောက် ပွဲချင်းပြီးဆုံးတယ်။တစ်ယောက် ဒဏ်ရာရ တယ်ပေါ့။ကြဲချတဲ့ဗုံးက တော်တော်အားပြင်းတဲ့ဗုံးလို့ ပြောကြတယ်။အသံတော်တော်ကျယ်တယ်” ဟု ရှမ်းမန်းဧရိယာတွင် တိုက်ပွဲဝင်နေသော တော်လှန်ရေးရဲဘော်တစ်ဦးက MPAသို့ပြောသည်။
ဗုံးကြဲမှုကြောင့် ဒေသခံပြည်သူတို့၏ နေအိမ်များ မီးလောင်ကျွမ်းခဲ့ပြီး TNLAမီးသတ်ဌာနနှင့် ပြည်သူ တို့က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
TNLA အနေနှင့် မြန်မာနိုင်ငံတစ်ဝန်းရှိ တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီ လက်တွဲပူး ပေါင်းကာ စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ၁၂ရက်၊ ၆၂နှစ်မြောက် တအောင်းအမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ်ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး လက်ရှိတွင် နောင်ချို မြို့နယ်၊တောင်ခမ်းရွာ၌ စစ်တပ်ကို တိုက်ခိုက်လျက်ရှိသည်။
ဇန်နဝါရီလ ၁၃ ရက်ကလည်း ကျောက်မဲမြို့နယ်၊ ပန်ပေါက်ရွာ တိုးဂိတ်အနီးကို တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးကြောင်း TNLAက ဆိုသည်။
နောင်ချိုမြို့ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁၀ ရက်တွင် TNLA နှင့် ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ကာ အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။


