By Ra Wai / MPA
မွန်ပြည်နယ်အတွင်းရှိ အဓိက စစ်မှုထမ်းသင်တန်းကျောင်းကို လုံခြုံရေးအခြေအနေအရ သံဖြူဇရပ်မှ မော်လမြိုင်မြို့သို့ ပြောင်းရွှေ့လိုက်ကြောင်း စုံစမ်း သိရှိရသည်။
စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဉ်တစ်မှ ရှစ်အထိ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာအုပ်စုရှိ အမှတ်လေးတန်း မြင့်လေ့ကျင့်ရေးကျောင်းတွင် စစ်သင်တန်းပေးခဲ့ရာမှ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီ၂၀ရက်၌ စတင်ဖွင့်လှစ်သည့် အပတ် စဉ်ကိုး သင်တန်းကို မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ လေ့ကျင့်ရေးကျောင်းသို့ ပြောင်းရွှေ့ခဲ့ကြောင်း မွန်ပြည်နယ်ပကဖ ထံမှ သိရသည်။
“လုံခြုံရေးအရ သံဖြူဇရပ်မှာ စိတ်မချရတော့လို့ အဓိကပေါ့၊ ပြီးတော့ မော်လမြိုင်မြို့ပေါ်မှာဆိုတော့ သင်တန်းဆင်းတွေကို ရှေ့တန်းပို့ အင်အားဖြည့်တင်းတာ လုပ်ရလွယ်တာလည်း ပါမယ်ထင်တယ်” ဟု မွန်ပြည်နယ်ပကဖ ဒုတာဝန်ခံ စောထူးအောင်က MPAသို့ ပြောသည်။
မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ လေ့ကျင့်ရေးကျောင်းတွင် စစ်မှုထမ်းအပတ်စဥ်ကိုး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၀ ရက်၊ နံနက်ပိုင်း၌ ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီ လော်ဘီ ရာမညတိုင်းမ်ကလည်း ဖော်ပြထားသည်။
“အရင်က သင်တန်းရော စစ်ကြောရေးရောက ဝဲကလိမှာဘဲ၊ အခုက ဝဲကလိမှာ စစ်ကြောရေးပဲ ထားပြီး အပတ်စဉ်ကိုးမှာ မော်လမြိုင်ကို သင်တန်းပြောင်းတာ”ဟု မွန်ပြည်နယ်ပကဖ ဒုတာဝန်ခံ က ပြောသည်။
ဇန်နဝါရီပထမပတ်အတွင်း ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊အနန်းကွင်းကျေးရွာအနီးတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး အနန်းကွင်းနှင့် ဝဲကလိသည် သိပ်မနီးသော် လည်း လမ်းကြောတစ်ကြောတည်းပေါ်၌ ရှိကြောင်း ၎င်းက ဆိုသည်။
“အဲဒီတိုက်ပွဲတုန်းက ဝဲကလိ စစ်တပ်(အမှတ်လေးတန်းမြင့်လေ့ကျင့်ရေးကျောင်း)ကနေ လက်နက် ကြီးနဲ့ ပစ်ကူပေးခဲ့သေးတယ်။ တိုက်ပွဲက ဝဲကလိနဲ့ အရမ်းမဝေးတော့ဘူး။ အဲဒါကြောင့် စစ်မှုထမ်းသင်တန်း ရွှေ့တာ”ဟု သံဖြူဇရပ်မြို့၊ အောင်သုခရပ်ကွက်နေ ပြည်သူတစ်ဦးကပြောသည်။
မြို့နယ် ၁၀မြို့ရှိသော မွန်ပြည်နယ်အတွင်း စစ်မှုထမ်းသင်တန်းတက်ရန် စစ်မှုထမ်းအပတ်စဉ်အလိုက် တစ်မြို့နယ်လျှင် လူမည်မျှပေးရမည်ဟု စစ်ကောင်စီပြည်နယ်တာဝန်ရှိသူများက ခွဲတမ်းချပေးပြီး ချပေးသည့် ခွဲတမ်းအတိုင်း ရာနှုန်းပြည့်ပေးနိုင်သည်မှာ မော်လမြိုင်နှင့် ချောင်းဆုံမြို့နယ်တို့သာ ရှိကြောင်း စစ်ကောင်စီ ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သည့် MPAသတင်းရင်းမြစ်က ဆိုသည်။
“မော်လမြိုင်နဲ့ ချောင်းဆုံက ခွဲတမ်းပြည့် ပေးနိုင်တယ်ဆိုပေမဲ့ လူပေးတာတော့ မဟုတ်ဘူး။ ငွေပေး တာပေါ့၊ မင်းတို့ဘာသာ စစ်မှုထမ်းလူဌားလိုက်ကြဆိုပြီး ပိုက်ဆံပေးလိုက်တာ၊ ဒေသခံတွေက ပိုက်ဆံ စုထည့်ပေါ့၊ အဲဒီလို ငွေပေးတာတောင် မော်လမြိုင်မြို့ပေါ်မှာ ပေါ်တာဆွဲနေသေးတယ်”ဟု ၎င်းက ပြောသည်။
ချောင်းဆုံတွင် စစ်မှုထမ်းအပတ်စဉ်ရှစ်မှ စတင်ကာ စစ်မှုထမ်းရန် လူတစ်ဦးဌားရမ်းခ ကျပ်သိန်း၅၀ ဖြစ်သွားခဲ့ပြီး ယခင်က ကျပ် သိန်း၃၀ သာရှိကြောင်း ချောင်းဆုံရပ်ကျေးအုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
“ချောင်းဆုံထွေအုပ်နဲ့ ချောင်းဆုံစစ်တပ်ကို ပြည်သူတွေက ကိုယ့်ကျေးရွာအုပ်စုအလိုက် ခွဲတမ်းကျသလောက် ပိုက်ဆံ စုပြီး ပေးရတယ်။ ကိုယ့်အုပ်စုက ဒီအပတ် စစ်မှုထမ်းဖို့ နှစ်ယောက်ခွဲတမ်းကျရင် သိန်း၁၀၀ စုပြီးပေး၊ ဌားတာတို့ ဌားခငွေထဲက ရိတ်တာတို့က သူတို့လုပ်တယ်။ အဲဒီလို ခွဲတမ်းပြည့် ပေးလို့လားတော့ မသိဘူး။ ချောင်းဆုံမှာ အခုထိ ပေါ်တာမဆွဲဘူး” ဟု ၎င်းက ပြောသည်။
မွန်ပြည်နယ်၊သထုံမြို့နယ်၊ဇရစ်ချောင်ရွာရှိ အမှတ်ကိုးစစ်အခြေခံလေ့ကျင့်ရေးတပ်တွင်လည်း စစ်မှု ထမ်းသင်တန်း သားအနည်းငယ်ကို ယနေ့ထိတိုင် စစ်သင်တန်းပေးလျက်ရှိသည်။