By Jar Seng / MPA
ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် လွတ်မြောက်နယ်မြေများတွင် အသက်မပြည့်သေးသည့် မြိုလူမျိုးများကို AA က ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းမှုများရှိနေကြောင်း ဒေသခံမြိုလူမျိုးများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၁၃ရက်မှ စတင်ကာ ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသားမဟုတ်သည့် အခြားလူမျိုးစုများကို AA က တစ်အိမ် တစ်ဦးနှုန်းဖြင့် စစ်အင်ားဖြ်ည့တင်းမှုများရှိခဲ့ပြီး၊ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလမှစတင်ကာ ကျောက်တော်မြို့နယ်ရှိ မြိုတိုင်းရင်းသားများနေထိုင်သည့် ကျေးရွာများတွင် အသက်မပြည့်သေးသူများကိုပါ စစ်မှုထမ်းခိုင်းခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ပြန်လည်လွတ်မြောက်လာသည့် မြိုလူငယ်တစ်ဦးက ပြောသည်။
“ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလောက်မှာ ရွာကို AA ခေါင်းဆောင်တွေလာပြီး လူကြီးတွေဆီမှာ လူအယောက် ၅၀ တောင်းတယ်။ နောက်ပိုင်း တစ်အိမ် တစ်ယောက်နှုန်းတောင်းလာတယ်။ အသက် ၁၈ နှစ်ကနေ ၅၀ အထိဆိုပေမဲ့၊ တချို့ဆို ၁၄နှစ်၊ ၁၅နှစ်လောက်ပဲရှိသေးတယ်။ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီအထိဆို ကျောက်တော်မြို့မှာ AA စစ်သင်တန်ပေးတဲ့နေရာမှာ မြိုလူမျိုး အယောက် ၅၀၀လောက်ရှိတယ်။ ရခိုင်ပြီးရင် မြိုလူမျိုးတွေ အများဆုံးပဲ “ ဟု ၎င်းက ရှင်းပြသည်။
AAက စစ်မှုထမ်းရန် ခေါ်ဆောင်ခဲ့သည့် မြိုလူမျိုးများကို ၄၅ရက်တာ စစ်သင်တန်းပေးပြီး ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်း ၎င်းတို့သိမ်းပိုက်ထားသည့် မြို့နယ်များရှိ ရဲစခန်း၊ စစ်တပ်စခန်းများတွင် တာဝန်ထမ်းဆောင်ရကာ အသက်ကြီးရင့်သည့် စစ်မှုများအနေဖြင့် ထမင်း၊ ဟင်း ချက်ပြုတ်ရကြောင်း ပြန်လည်လွတ်မြောက်လာသူက ရှင်းပြသည်။
ထို့ပြင် စစ်သင်တန်းပြီးဆုံးချိန်၌ မိသားစုဝင်များသည် သင်တန်းသားများကို သွားရောက်တွေ့ဆုံသည့်အခါ AA စစ်ခေါင်းဆောင်အချို့က ခြိမ်းခြောက်မှုများရှိကြောင်း ကျောက်တော်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“စစ်သင်တန်းပြီးလို့ မိသားစုဝင်တွေက သူတို့သားသမီးတွေ၊ ယောင်္ကျားတွေကို သတင်းလာမေးတာ၊ အဲ့ဒါကို နင်တို့ ဘာဖြစ်လို့လာတာလဲ၊ သေနတ်နဲ့ ချိန်းပြီး ပစ်ထည့်လိုက်ရင် သေတော့မယ်၊ ရိုင်းစိုင်းတဲ့ စကားလုံးတွေ နဲ့ ဆဲဆိုတယ်၊ ခြိမ်းခြောက်ပါတယ်” ဟု ၎င်းကပြောသည်။
စစ်သင်တန်းတက်ရန် ဖမ်းဆီးခံရသည့် မြိုတိုင်းရင်းသား ကျေးရွာအများစုမှာ ကျောက်တော်မြို့နယ်၊ ပီချောင်းဒေသတွင်တည်ရှိသည့် သက်ထင်၊ မွန်ထောင်း၊ သံမျှာ၊ စပါးဆိပ်၊ ညောင်ပင်လှ၊ ပင်လုံ၊ အောင်လံချောင်း၊ ဘင်ချောင်း၊ ကွမ်းချောင်း၊ ကျောက်နှခေါင်း၊ အောင်ယျ၊ စစ်ကွဲချောင်း၊ အင်းဖျား၊ ထပေါ့၊ မင်းတုန်း၊ သပေါက္ကံ၊ ကွင်းကြီးကျေးရွာ နှင့် ဂါပုကျေးရွာတို့ ဖြစ်ကြောင်း သိရသည်။
အလားတူ အာရက္ခတပ်တော်မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် မောင်တော်မြို့နယ်၊ မြို(မရူစာ)ကျေးရွာများမှ ဒေသခံ လူနည်းစုတိုင်းရင်းသားများအား စစ်မှုထမ်းရန် အဓမ္မဖမ်းဆီးခေါ်ဆောင်မှုများရှိနေကာ ယင်းထဲတွင် အသက်မပြည့်သည့် သူများလည်း ပါဝင်နေကြောင်း ယင်းဒေသမှ ထွက်ပြေးလာသည့် ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
“ကျမတို့အနေနဲ့ မိသားစုထဲမှာ ယောင်္ကျား သုံးယောက်ရှိလို့ တစ်ယောက်ခေါ်သွားရင် နားလည်ပေးပါတယ်။ ကျန်တဲ့နှစ်ယောက်ကိုတော့ မိသားစုကို စောင့်ရှောက်ဖို့ ချန်ထားသင့်တယ်မဟုတ်လား၊ ရှိသမျှယောင်္ကျားတွေကို ခေါ်သွားရင် ကျန်ခဲ့တဲ့ မိသားစုဝင်တွေ အတွက် စားဝတ်နေရေးဘယ်လို ဖြေရှင်းကြမလဲ၊ ကိုယ်ချင်းစာစိတ်ရှိစေချင်ပါတယ်” ဟု AA၏ ဖမ်းဆီးခြင်းခံခဲ့ရသော မိသားစုဝင်တစ်ဦးက ဆိုသည်။
ထို့အပြင် “ကျမ ညီမရဲ့ အမျိုးသားဆိုရင် ၂၀၂၃ခုနှစ် မှာ သူ့အဖေဆုံးသွားတာ၊ အမေအိုနဲ့ မိသားစုကို တစ်ယောက်ထဲ လုပ်ကျွေးနေတာ၊ သူ့ကိုပါ အတင်ဖးမ်းခေါ်သွားတော့ မိသားစုမှာ ရှာကျွေးပေးမဲ့ သူမရှိ ဖြစ်နေပြီ” ဟု ၎င်းက ဆိုသည်။
ယင်းအပြင် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလကလည်း AA အနေဖြင့် မောင်တောမြို့နယ်ရှိ ဒေသခံများကို စစ်မှုထမ်းရန် အတင်းအဓမ္မခေါ်ဆောင်မှုများရှိပြီး အဆိုပါခေါ်ဆောင်ခံရသူများအနက် မြို(မရူစာ)လူမျိုး ၉၁ဦးထိရှိပြီး ၎င်းတို့သည် သီဟိုအေးကျေးရွာ၊ ကိုင်းကြီးကျေးရွာ၊ သစ်တုံနားခွကျေးရွာ၊ နန်းရာကိုင်းကျေးရွာ၊ ရွှေတိုင်းကျေးရွာ၊ လေးမြိုကေသီကျေးရွာ နှင့် ဘောင်ကျေးရွာ ဒေသခံများဖြစ်သည်။
အလားတူ ဘူးသီးတောင်မြို့နယ်ရှိ ဒေသခံလူနည်းစုများနေထိုင်သည့် အုတ်တောင်၊ မြောက်ချောင်း၊ စံညှင်းဝေ၊ ခမွေချောင်း၊ ပြိန်းချောင်း၊ ကျွဲရိုင်း၊ စည်ပင်သာယာ၊ ဝါးခုတ်ချောင်းကျေးရွာ နှင့် ကမ်းပိုင်ချောင်းကျေးရွာများရှိ ဒေသခံများကိုလည်း AA က စစ်မှုထမ်းဆောင်ရန်အတွက် ဖမ်းဆီးမှုများရှိကြောင်း အိမ်ခြေ ၅၀ ခန့်ရှိသော မြို(ခမိ) ကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။
“ကျတော်တို့ရွာကို AAတွေလာတယ်။ ပထမတစ်ခေါက် လူဦးရေ ၂၀ တောင်းတယ်။ ပေးလိုက်တယ်။ တစ်ပတ်တောင်မပြည့်သေးဘူး။ နောက်ထပ် ၂၀ လာတောင်းတယ်။ ရွာမှာ ကလေးတွေနဲ့ လူကြီးတွေပဲ ကျန်တော့တယ်” ဟု ဘူးသီးတောင်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
ယခုကဲ့သို့ AA က လူငယ်မျးကို အတင်းအဓမ္မစစ်မှုထမ်းစေခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ကာ၊ ဒေသတွင်း လူနည်းစုများ၏ ယုံကြည်မှု ပျက်ပြားရန် လုပ်ဆောင်မှုဖြစ်သောကြောင့် AA အဖွဲ့မှ တာဝန်ရှိသူများအနေဖြင့် လူနည်းစုများ၏ အခွင့်အရေးများကို စဉ်းစားပေးသင့်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားနေသည့် မြိုလူငယ်တစ်ဦးက သုံးသပ်သည်။
“ရခိုင်ပြည်ကို ကျတော်တို့လည်း အတူတကွတည်ဆောက်ချင်ပါတယ်။ ပါသင့်သလောက်လဲ ပါဝင်နေကြပါတယ်။ တပ်တော်က မြေပြင်မှာ ဒီလိုမျိုး ဖိနှိပ်တာတွေ၊ ခြိမ်းခြောက်တာတွေက အရင်ကတည်းက ရှိတယ်။ လူနည်းစုတွေ ဖြစ်လို့ကြောက်ရတယ်၊ ငြိမ်နေရတယ်။ တော်တော်များများက မင်းတို့တွေ ဒီတော်လှန်ရေးအတွက် ဘာတာဝန်ယူမလဲ၊ ငါတို့ပြည်မှာ မနေချင်ရင် ထွက်သွား၊ အဲဒီလိုပြောကြတယ်။ ဒါတွေက အချင်းချင်းကြားမှာ ယုံကြည်မှု ပျက်စီးအောင်လုပ်နေတယ်လို့မြင်ပါတယ် ” ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း AA တပ်ဖွဲ့ဝင်များက အသက်မပြည့်သေးသည့် လူငယ်များနှင့် မိမိစိတ်ဆန္ဒမပါဘဲ စစ်တပ်အတွင်းမဝင်လိုသည့်သူများကို အတင်းအဓမ္မ စစ်သင်တန်းတက်ခိုင်းမှုနှင့် ပတ်သက်ပြီး အာရက္ခတပ်တော်( AA) ၏ Gmail သို့ နှစ်ကြိမ်တိတိ စာပို့မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားမှုမရှိခဲ့ပေ။
ထို့ပြင် ၂၀၂၄ခုနှစ်၊ စက်တင်ဘာ ခြောက်ရက်က ULA/AA ၏ ဥက္ကဌလည်းဖြစ်၊ စစ်ဦးစီးချုပ်လည်းဖြစ်သည့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ပြည်နယ်အား တစ်ပြည်ထောင်စနစ်ဖြင့် အုပ်ချုပ်သွားမည်ဟု ပြောဆိုခဲ့ခြင်းအပေါ် ရခိုင်မဟုတ်သည့် ဒေသခံလူနည်းစုများက စိုးရိမ်မှုများလည်းရှိနေသည်။
၂၀၁၄ သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်တွင် ရခိုင်အပါအဝင် မြို၊ ခမီ၊ သက်၊ ဒိုင်းနက်၊ မရမာကြီး၊ ကမန်၊ ချင်း နှင့် အခြားတိုင်းရင်းသာများနေထိုင်ကြပြီး စုစုပေါင်း လူဦးရေ ၃ဒဿမ၁၉ သန်းရှိကြောင်းသိရသည်။