By 21 Jan 2025 By Nway / MPA
လက်ရှိအချိန်သည် စစ်ကောင်စီတပ် အင်အားအချိနဲ့ဆုံး အချိန်ဖြစ်ကြောင်း NUGယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်သည်။
စစ်ကောင်စီတပ်သားများ အမြင်မှန် ရရှိရေးနှင့် ပြည်သူ့ဘက်ကို အလုံးအရင်း ပါဝင်လာစေရေးကို တွန်းတွန်းတိုက်တိုက် ဆက်လက် ကြိုးစားနေရန် လိုအပ်ကြောင်း၊တစ်ဖက်တွင်လည်း မိမိတို့၏ အမိန့်ပေးကွပ်ကဲမှုထီးရိပ်အောက်တွင်ရှိသည့် PDF များ၊ တော်လှန်ရေးတပ်ဖွဲ့ များကို တညီတညွတ်တည်းဖြစ်အောင် ဆက်လက် တည်ဆောက်ရန် လိုအပ်ကြောင်း ယာယီသမ္မတက ယနေ့ ( ဇန်နဝါရီလ ၂၁ရက် )ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေး၌ ပြောသည်။
“စစ်ဆိုတာမှာ တိုက်လို့ နိုင်တယ်ဆိုတာထက် မတိုက်ဘဲ နိုင်အောင်လုပ်နိုင်တာဟာ အကောင်းဆုံးသော မဟာဗျူဟာ ဖြစ်တယ်လို့ ပြောစမှတ်ရှိပါတယ်” ဟု ယာယီသမ္မတက ဆိုသည်။
လက်နက်ကိုင် တော်လှန် ရေးသည် တစ်ယောက်တစ်ပေါက်ဖြစ်နေ၍ မရကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အနေနှင့် စုစည်းညီညွတ်မှုကို နိုင်ငံရေးအရ တည်ဆောက်မှုအပြင် စစ်ရေးအရ လက်တွေ့ကျကျ တည်ဆောက်နိုင်အောင် ဆက်လက်ကြိုးစားရန် တိုက်တွန်းချင်ကြောင်း လည်းဆိုသည်။
PDFရဲဘော်များသည် နိုင်ငံ၏ မည်သည့်နေရာ၊ မည်သည့်ဒေသတွင်မဆို ကာကွယ်ရေး တာဝန်များကို အသင့် ထမ်းဆောင်နိုင်ရန်ကြိုးစားစေချင်ကြောင်းလည်း ယာယီသမ္မတက မှာကြားသည်။
” ဒေသစွဲစိတ်နဲ့ ကိုယ့်နေရာ ကွက်ကွက်လေးကိုပဲ ကာထားရုံနဲ့ ကျေနပ်တင်းတိမ်ရမယ့် အခြေအနေ မဟုတ်ဘူးဆိုတာ နားလည်ဖို့ လိုပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
NUG အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် ယုံကြည်မှု တည်ဆောက်ရေးကို အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်နိုင်ခဲ့ပြီး ဖြစ်သော်လည်း ပြည့်စုံ လုံလောက်ပြီဟု မပြောနိုင်သေးကြောင်း ၎င်းကပြောသည်။
” မဟာမိတ်တွေနဲ့ ယုံကြည်မှုတည်ဆောက်ရေးဟာ ကြိုးစားပြီးရင် ရပ်ပစ်လိုက်လို့ ရတဲ့ သဘောမျိုး မဟုတ်ဘူးဆိုတာ နားလည်ဖို့ လိုပါတယ်။ တိုင်းရင်းသားမဟာမိတ်တွေနဲ့ ယုံကြည်မှုတည်ဆောက် ရေးဟာ ဖြစ်စဉ် ဖြစ်တယ်၊ Process ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျတော်တို့ဟာ တော်လှန်ရေးခရီးတစ်လျှောက်လုံး ဒီဖြစ်စဉ်ကို အသက်ဝင်အောင် ကြိုးစား တည်ဆောက်နေဖို့ လိုပါတယ် ” ဟု ဒူဝါလရှီးလကဆိုသည်။
ယင်းဖြစ်စဉ်ကို တည်ဆောက်မှသာ ပိုမိုအားကောင်းသည့် မဟာမိတ်ရေးရာ နိုင်ငံရေးပဋိညာဉ်များအား ခိုင်ခိုင်မာမာ ကျစ်ကျစ်လစ်လစ် တည်ဆောက်နိုင်မည်ဟု ယူဆကြောင်းလည်း ပြောသည်။
တည်ဆဲ အခြေအနေအရ မဟာမိတ်များ၏ ယုံကြည်မှု ခိုင်ခိုင်မာမာ ဆက်လက်ရရှိရေးသည် အမျိုးသားညီညွတ်ရေးအစိုးရအတွက် အရေးကြီးသကဲ့သို့ နွေဦးတော်လှန်ရေးအတွက်လည်း အင်မတန်အရေးကြီးကြောင်း ယာယီသမ္မတကပြောကြားခဲ့သည်။