21 Jan 2025 By Poesangle / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ မူဆယ်မြို့တွင် ပြန်ပေးဆွဲမှုများဖြစ်ပွားနေသော်လည်း စစ်ကောင်စီက အရေးယူပေးမှုမရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ရက်၊ နံနက် ၁၀နာရီခန့်က ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားသည့် အမျိုးသားသုံးဦးသည် မူဆယ်မြို့၊ ကောင်းမူးတုန်ရပ်ကွက်ရှိ ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို သေနတ်ထောက်ကာ လက်ထိပ်ခတ်ပြီး ပြန်ပေးဆွဲမှုပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ ယောင်္ကျားသုံးယောက် စစ်ဝတ်စုံနဲ့ ကုန်စုံဆိုင်ထဲ ဝင်သွားတာ၊ သေနတ်တွေလ်းပါတော့ ဘယ်သူမှ မအော်ရဲဘူး။ ဖမ်းခံရတဲ့ အမျိုးသမီးက အခုထိ ဘာသတင်းမှ မကြားရသေးဘူး။ ဆိုင်လည်း မဖွင့်သေးဘူး။ ပိတ်ထားတုန်းပဲ ” ကောင်းမူးတုန်ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။
ယမန်နှစ်( ၂၀၂၄ခုနှစ်)၊ ဒီဇင်ဘာ ၂၁ရက်ကလည်း မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက သေနတ်ထောက်ပြီး အဆိုပါ အမျိုးသမီးစီးလာသည့် ကားကို ဓားပြတိုက်ခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့ဖူးသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် မူဆယ်မြို့၌ ငွေကြေးချမ်းသာသည့် လုပ်ငန်းရှင်များ မကြာခဏ ပြန်ပေးဆွဲခံရပြီး၊ မိသားစုဝင်များကို ငွေညှစ်မှုများ ဖြစ်ပေါ်နေခြင်းကြောင့် အချို့သော လုပ်ငန်းရှင်များသည် မြို့ပြောင်းရွှေ့နေထိုင်မှုများရှိလာသည်။
ထို့ပြင် ၂၀၂၄ခုနှစ်၊ စက်တင်ဘာ ၁၇ရက်ကလည်း မူဆယ်မြို့၊ မင်္ဂလာမူဆယ်အိမ်ရာအနီး လက်နက်ကိုင်ဆောင်ထားသည့် အမျိုးသားသုံးဦးသည် ဒေသခံ အမျိုးသားတစ်ဦးကို ပြန်ပေးဆွဲခဲ့ပြီး ကျပ်ငွေ သို့မဟုတ် ယွမ်ငွေပေးကာ ပြန်ရွေးခိုင်းခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။
“ မူဆယ်မှာ အခုလိုဖြစ်တာက တရားဥပဒေမဲ့တာရယ်၊ လက်နက်ကိုင်အဖွဲ့များတာရယ်၊ ပြီးတော့ သေနတ်ကို အလွယ်တကူ ဝယ်လို့ရနေတာတွေကြောင့်ပါ၊ တချို့ဆို ကိုယ်ရေးကိုယ်တာကိစ္စနဲ့လည်း ပြန်ပေးဆွဲခံရတာရှိတယ်။ ကျားဖြန့်ရုံလည်း များသလို၊ ဂိမ်းနဲ့ မူးယစ်သုံးစွဲသူလည်း များတယ်။ ဘယ်သူ့လက်ချက်ကြောင့် ပြန်ပေးဆွဲ ခံရတယ်ဆိုတာ မသိရဘူး။ အဲ့ဒါကြောင့် ပြည်သူတွေကတော့ ကိုယ့်လုံခြုံရေးကိုယ် ဂရုစိုက်နေရတယ် ” ဟု မူဆယ်မြို့ခံ၊ အမျိုးသားတစ်ဦးက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မူဆယ်မြို့၌ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပိုများလာသလို ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သည့်ကာလမှစတင်ကာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များသည် မြို့ပေါ်တွင် စုဝေးနေထိုင်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
လက်ရှိ မူဆယ်မြို့ပေါ်၌ စစ်ကောင်စီလက်အောက်ခံ ကောင်းခါးပြည်သူ့စစ်အပြင် မြို့မ၊ ပန်းဆေး၊ လုံထန်၊ ပိန်းဆာ၊ မန်ဂျယ်၊ စိန်ကျော့၊ မန်ပြိန်း၊ ရှောင်ဟော်၊ တာမိုးညဲ စသည့် ပြည်သူ့စစ်အဖွဲ့များ လှုပ်ရှားလျက်ရှိကြောင်း ဒေသခံများက ဆိုသည်။
“ မူဆယ်က ဘယ်လောက်ကြောက်ရလဲဆိုရင် ယာဉ်တိုက်မှု ဖြစ်ရင်တောင် ဘယ်သူမှ မကူညီရဲဘူး။ ပရဟိတ အဖွဲ့ကိုလည်း မဆက်ရဲဘူး။ ပြီးခဲ့တဲ့ တစ်ပတ်က ကျမဆိုင်ကယ်မှောက်လို့ ခြေထောက်ကျိုးသွားတာ၊ ဘယ်သူမှ မကူရဲဘူး။ ပြီးတော့ ၁၀၂၇ စစ်ဆင်ရေစထဲကပြည်သူ့စစ်တွေက ဒီမှာလာစုနေတာ၊ ဓားပြတိုက်ခံရတာတို့၊ ပြန်ပေးဆွဲခံရတာတွေ့ရင် ဘယ်သူမှကို ကူညီပေးမှာ မဟုတ်ဘူး ” ဟု မူဆယ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ယမန်နှစ်၊ ဒီဇင်ဘာ ၁၀ရက်ကလည်း မူဆယ်မြို့၊ စွမ်စော် နှစ်လမ်းတွင်နေထိုင်သည့် အသက် ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး ပြန်ပေးဆွဲခံရပြီး မိဘများက ငွေပေးမှ ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သိရသည်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ရှိ မြို့အများစုကို ထိန်းချုပ်နိုင်ခဲ့သော်လည်း မူဆယ်မြို့ကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ စစ်ကောင်စီနှင့် ပြည်သူ့စစ်များက လက်ရှိအချိန်ထိ အုပ်ချုပ်လျက်ရှိသည်။