By Ra Wai / MPA
ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်အတွင်း ပြည်သူကို ပစ်မှတ်ထားသည့် လက်နက်ကြီးနှင့်လေကြောင်း ပစ်ခတ်တိုက် ခိုက်မှုကို စစ်ကောင်စီတပ်က လေးရက်ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် အမြောက်တပ် အမတ၃၁၀ မှ နေ၍ ဇန်နဝါရီ၁၉ရက်၊မွန်းလွဲ နှစ်နာရီမထိုးမီ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ခရွဲရွာအတွင်းရှိ ဓာတ်တိုင်အနီးသို့ ကျရောက်ခဲ့ပြီး လူထိခိုက်မှုမရှိသော်လည်း ဓာတ်ကြိုးပျက်စီးကာ မီးပွားကူး၍ တောင်မီးလောင်ခဲ့ကြောင်း ညနေ သုံးနာရီကျော်နှင့် သုံးနာရီခွဲတို့တွင် ဒရုန်းဖြင့် ဗုံးကြဲရာ အောင်နဝင်းကုန်းနှင့် စစ်ကွင်းရွာရှိ ကုန်စုံဆိုင်သို့ ဗုံးကျရောက်ခဲ့ပြီး ဆိုင်မီလောင်ခဲ့ကြောင်း ကေအဲန်ယူ ဗဟိုက ယနေ့(ဇန်နဝါရီ၂၁ရက်) သတင်းထုတ်ပြန်သည်။
“အခုဒီလထဲမှာ ကျတော်တို့ သထုံခရိုင်ထဲမှာ စစ်ရေးအရ ပြန်လှုပ်လာတာပေါ့။ဘီးလင်း၊အလူးဘက် မှာလည်း စစ်တပ်က အတိုက်ခံရတာရှိတယ်။ အဲဒါကြောင့် စစ်တပ်က ရမ်းပြီး ကြောက်ပစ်ပစ်နေတာ ရော၊ငါတို့မှာ အင်အားရှိတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အားတင်းပြတာရောပေါ့။အဲဒါကြောင့် ရပ်ရွာတွေကို လျှောက်ပစ်နေတာ” ဟု သထုံခရိုင်အတွင်းရှိ PDF ရဲဘော်တစ်ဦးက MPAသို့ ပြော သည်။
ဇန်နဝါရီ၁၈ရက်၊မွန်လွဲ နှစ်နာရီခန့်တွင်လည်း ဘီးလင်းမြို့နယ်၊ ကရဝေးဆိပ်ကျေးရွာ အဝင်လမ်းနှင့် အာရှလမ်းဒေါင့်ရှိ ဦးရွှေ၏အိမ်ရှေ့သို့ စစ်တပ်ပစ်ခတ်သည့် ဒရုန်းဗုံး ကျရောက်ပေါက်ကွဲသဖြင့် အိမ်နှင့်ဈေးဆိုင်ပျက်စီးခဲ့ပြီး ဦးရွှေ နဖူးနှင့် နားရွက်နောက်၌ ကျောက်ခဲအစစင်၍ ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ၁၇ရက်၊ညရှစ်နာရီခန့်တွင်လည်း ဘီးလင်းမြို့နယ်၊မဲပလီကျေးရွာအုပ်စု၊ကစယ်ဖိုးရွာထဲသို့ ဂျက်လေယာဉ်ဖြင့် ဗုံးနှစ်ကြဲချခဲ့ရာ ဦးထွန်းမြင့်၏နေအိမ် ဗုံးသီး ကျည်စထိမှန်ပျက်စီးခဲ့သည်။
ဇန်နဝါရီ၁၆ရက်၊ ညနေငါးနာရီခန့်တွင်လည်း ဘီးလင်းမြို့နယ်၊ တဂေးလောင်းရွာစာသင်ကျောင်းကို စစ်ကောင်စီ တပ်က လက်လုပ်အသေခံဒရုန်း နှစ်စင်းဖြင့် တိုက်ခိုက်ခဲ့ရာကျောင်းအဆောင် ထိခိုက် ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ ဗဟိုက ဆိုသည်။
မကြာမီ တိုက်ပွဲများ ပြင်းထန်လာတော့မည်ဆိုသည့်သတင်းများကြောင့် သထုံနှင့် ဘီးလင်းမြို့နယ် အတွင်းရှိ ပြည်သူတို့မှာ ယခုရက်ပိုင်းအတွင်း ရိက္ခာခြောက်များ ဝယ်ယူစုဆောင်းနေကြကြောင်း မွန်ပြည်နယ်ပကဖ ဒုတာဝန်ခံ စောထူးအောင်က ပြောသည်။



