By Zwe Ko /MPA
ပဲခူးတိုင်း၊ ထန်းတစ်ပင်မြို့နယ်၊ ကင်မွန်းခြုံရွာတွင် စစ်ကောင်စီက ရွာပတ်ဝန်းကျင်နှင့် နေအိမ်ခြံဝန်းများအတွင်း မြေမြှုပ်မိုင်းများ ထောင်ခဲ့မှုကြောင့် စစ်ရှောင်ပြည်သူများ နေရပ်ပြန်လာသည့်အခါ မကြာခဏ မိုင်းနင်းမှုများဖြစ်ပေါ်ပြီး သေဆုံးမှုနှင့် ခြေလက်အင်္ဂါဆုံးရှုံးမှုများ တွေ့ကြုံနေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယမန်နှစ်(၂၀၂၄ခုနှစ်) ဇူလိုင်လက ကင်မွန်းခြုံကျေးရွာအနီးတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် အဆိုပါကျေးရွာမှ ပြည်သူများ တိမ်းရှောင်ခဲ့ပြီးနောက် ယင်းကျေးရွာကို စစ်ကောင်စီ မြေမြှုပ်မိုင်းများ ထောင်ထားခဲ့ခြင်းဖြစ်ကြောင်း စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။
“ အဲ့ဒီထဲက စစ်တပ်က ရွာမှာ တပ်စွဲထားတာ၊ ပြီးတော့ တော်လှန်ရေးရဲဘော်တွေ လာပစ်မှာကိုကြောက်ပြီး ရွာပတ်လည်မှာ မိုင်းတွေထောင်ထားတာ၊ စစ်ရှောင်ရတာ ခြောက်လလောက်ကြာတော့ ရွာသားတွေက နေအိမ်တွေကို ပြန်ကြည့်ကြတာ၊ အဲ့ဒီမှာ စစ်သားတွေထောင်ထားတဲ့ မိုင်းတွေနင်းမိပြီး ခြေထောက်ဖြတ်ရသူတွေနဲ့ သေသွားရတဲ့သူတွေ ရှိလာတာ ” ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီ နင်းမိုင်းကြောင့် ယမန်နှစ် ဒီဇင်ဘာလနှင့် ယခုနှစ် ဇန်နဝါရီ ၁၉ရက်အထိ ကင်းမွန်ခြုံဒေသခံ ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါကျေးရွာမှ စစ်ရှောင်ပြည်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
“ နင်းမိတဲ့သူတွေက အမျိုးသားတွေကြီးပဲ၊ တစ်ယောက်သေသွားတယ်။ တစ်ယောက်က ခြေထောက်နှစ်ဖက်လုံးဖြတ်ရတယ်။ ကျန်တဲ့သူတွေလည်း ခြေထောက်တစ်ဖက်ဖြတ်ရတယ်။ ပြီးခဲ့တဲ့ တစ်ပတ်လောက်က မိုင်းထိသွားတဲ့ ကောင်လေးဆို အခုထိ ဆေးရုံ မဆင်းရသေးဘူး ” ဟု ၎င်းက ဆိုသည်။
လက်ရှိ ကင်းမွန်ခြုံရွာသို့ ပြန်လာသည့်သူများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ငွေကြေးပေး၍ မိမိနေအိမ်၌ ကျန်ရစ်သည့် ပစ္စည်းများကို ယူဆောင်နေရပြီး စစ်ကောင်စီ၏ မြေမြှုပ်မိုင်းများကို နင်းမိသော်လည်း စစ်တပ်ဘက်က တာဝန်ယူ ဖြေရှင်းမှုများ လုပ်ဆောင်ပေးခြင်းမရှိကြောင်း မိုင်းနင်းမိခဲ့သူတစ်ဦးနှင့် ဆွေမျိုးနီးစပ်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
“ ပစ္စည်းပြန်ယူရင် အနည်းဆုံး ငါးသိန်းပေးရတယ်။ ပိုက်ဆံပေးပြီး ပြန်ယူရတာတောင် မြေမြှုပ်မိုင်းတွေရှိတော့ နင်းမိတာတွေဖြစ်ကော၊ ပထမ စစ်သားတွေက ရွာသားတွေရဲ့ အိမ်တွေထဲမှာ တပ်စွဲထားတယ်။ အဲ့ဒီမှာ ခြံဝန်းတွေထဲ မိုင်းတွေထောင်တာ၊ သူတို့နေအိမ်တွေကနေ ရွှေ့သွားလည်း မိုင်းတွေကို မဖော်သွားဘူးလေ၊ အဲ့ဒီတော့ ရွာသားတွေ မိုင်းနင်းမိတာပေါ့ ” ဟု ၎င်းက ပြောသည်။
လက်ရှိ ကင်းမွန်ခြုံကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီသည် အင်အား ၇၀ခန့်ရှိပြီး ၎င်းတို့အား ထောက်ပို့ပေးနေသည့် လမ်းကြောင်းများကို တော်လှန်ရေးတပ်ဖွဲ့က ဖြတ်ထောက်မှုများလုပ်ထားကြောင်း ထန်းတပင်မြို့နယ်ရှိ ရဲဘော်တစ်ဦးက ပြောသည်။
“ စစ်တပ်ရဲ့ အဓိကထောက်ပို့လမ်းကြောင်းကို တော်လှန်ရေးအဖွဲ့တွေ နေရာယူထားလို့ စစ်ကြောင်း ခဏခဏထိုးတဲ့အတွက် တိုက်ပွဲတွေတော့ဖြစ်တယ်။ အခုလထဲမှာတော့ မဖြစ်ဘူး။ စစ်သားတွေက ပြည်သူတွေရဲ့ နေအိမ်တွေကို ဖောက်ပြီး ပစ္စည်းခိုးယူစားသောက်တာတွေလုပ်နေတယ်။ ပြီးခဲ့တဲ့လကလည်း စစ်သားတစ်ယောက် သူတို့ထောင်ထားတဲ့မိုင်း သူတို့ပြန်နင်းမိပြီး သေသွားတယ် “ ဟု အထက်ပါ ရဲဘော်က ပြောသည်။
စစ်ကောင်စီတပ်စွဲထားမှုကြောင့် စစ်ဘေးရှောင်နေရသည့် ကင်းမွန်ခြုံကျေးရွာ ဒေသခံသည် ၃၀၀ကျော်ရှိပြီး ၎င်းတို့သည့် အနီးအနားကျေးရွာများနှင့် တောင်ငူမြို့ပေါ်တွင် တိမ်းရှောင်နေရကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီ ခုနှစ်ရက်က KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များသည် ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ ခမရ ၇၃တပ်ရင်းအပါအဝင် စစ်ကောင်စီတပ်စခန်း ခုနှစ်ခုကို တိုက်ခိုက်ခဲ့သေးသည်။
လက်ရှိ ပဲခူးတိုင်းအတွင်း တိုက်ပွဲများမကြာခဏဖြစ်ပွားလေ့ရှိသည့် မြို့နယ်များတွင် စစ်ကောင်စီက မြေမြှုပ်မိုင်းများ ထောင်ထားမှုကြောင့် ပြည်သူများသည် မိုင်းနင်းမိပြီး သေဆုံးမှုနှင့် ခြေလက်အင်္ဂါဆုံးရှုံးမှုများ မကြာခဏဖြစ်ပေါ်လျက်ရှိနေသည်။
မြေမြှုပ်မိုင်းများနှင့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများသည် သက်တမ်းကုန်ဆုံးရက်မရှိသောကြောင့် ဂရုပြုရန် UNICEF Myanmarက ဇန်နဝါရီ ၁၃ရက်တွင် ထုတ်ပြန်ထားသည်။