By Nway / MPA
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီးတစ်ဝိုက်ရှိ စစ်သုံ့ပန်းမိသားစုဝင်များထားရှိသည့်နေရာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နှင့်အမျိုးသမီး စုစုပေါင်း ၂၈ ဦး သေဆုံးကြောင်း သိရသည်။
ဇန်နဝါရီ ၁၈ရက်၊ ညနေလေးနာရီကျော်တွင် ရက္ခိုင့်တပ်တော်က စစ်ပွဲများအတွင်း ဖမ်းဆီးထားသော စစ်သုံ့ပန်းများ၊ ၎င်းတို့၏ မိသားစုဝင်များထဲမှ ပြန်လွှတ်ပေးရန် စီစဉ်ထားသောသူများကို ယာယီထိန်းသိမ်းထားရှိသည့် နေရာအား စစ်တပ်က ဂျက်ဖိုက်တာဖြင့် သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရက္ခိုင်တပ်တော် AA က ယနေ့ ( ဇန်နဝါရီ ၁၉ရက် ) ညနေပိုင်း၌ သတင်းထုတ်ပြန်သည်။
“မင်းအောင်လှိုင်က ပြည်သူလည်း မရှောင်၊သူတို့လူ စစ်သုံ့ပန်းလည်း မရှောင်၊ကလေးနဲ့ အမျိုးသမီး တွေလည်း မရှောင် အကုန်သတ်ပစ်မယ်ဆိုတာ အခု ထပ်မံသက်သေပြလိုက်တာပဲ။မင်းအောင်လှိုင် လူသတ်နေတာကို ဘယ်နိုင်ငံတကာမှလည်း အရေးတယူမရှိဘူးဆိုတော့ ကိုယ့်ဘာသာ စစ်ကောင်စီ အပြုတ်တိုက်ရေးကိုပဲ အားထည့်လုပ်ရမှာပဲ” ဟု ရခိုင်အမျိုးသား စာရေးဆရာတစ်ဦးက MPAသို့ ပြော သည်။
ယင်းတိုက်ခိုက်မှုကြောင့်ဒဏ်ရာရရှိသူ ၂၅ ဦးအနက် အရေးပေါ်ဆေးကုသမှု ခံယူနေရသူများလည်းရှိကြောင်း သိရသည်။
ဇန်နဝါရီ ၁၁ရက်က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်ရှိ ရပ်ကွက်နှင့် ဈေးအပါအဝင် လူနေထူထပ်သည့် နေရာများကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ထို့ပြင် ဇန်နဝါရီ ရှစ်ရက်ကလည်း ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂၆ဦး သေဆုံးခဲ့ပြီး ၂၇ဦး ဒဏ်ရာရရှိခဲ့သည်။
ရက္ခိုင့်တပ်တော် AA သည် ကျောက်တော်မြို့နယ်ကို ၂၀၂၄ခု၊ ဖေဖော်ဝါရီ ခုနှစ်ရက်က အပြီးသတ်သိမ်းပိုက်ထားခြင်းဖြစ်ကာ ကျောက်တော်အပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၁၄မြို့နယ်ကို သိမ်းပိုက်ထားပြီးဖြစ်သည်။



