By Sayar Ngaat / MPA
တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်း ထောင်အတွင်း ပထမဆုံးအကြိမ် စစ်ကောင်စီတပ်သား တစ်ရာကျော် ဝင်ရောက်ကာ တပ်စွဲထားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် (ဇန်နဝါရီလ ၁၇ရက်)၊ နံနက်ပိုင်းက ယင်းကဲ့သို့ ဝင်ရောက်သွားခဲ့ခြင်းဖြစ်ပြီး ယခင်က အင်အားရာနှင့်ချီကာ ဝင်ရောက်ခြင်း မရှိခဲ့ဖူးကြောင်း ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။
“ အရင်က ထောင်ထဲကို လုံခြုံရေးတွေ ဝင်တော့ ဝင်တယ်။ ဒါပေမဲ့ အများဆုံး အင်အားလေးဆယ် လောက်ပဲ ဝင်တာ၊ ပြီးတော့ စစ်ဆေးမှုတွေ လုပ်တယ်၊ အခုလိုမျိုး တစ်ရာကျော်လောက် တစ်ခါမှ မဝင်ဖူးပါဘူး” ဟု ၎င်းက ပြောသည်။
ထားဝယ်အကျဥ်းထောင်အတွင်း ဆူပူမှုဖြစ်သဖြင့် လုံခြုံရေးများ ဝင်ရောက်လာခြင်း မဟုတ်ဘဲ ပုံမှန်အခြေအနေတွင် ဝင်ရောက်လာခဲ့ခြင်း ဖြစ်ကာ ယနေ့(ဇန်နဝါရီလ ၁၉ရက်)အထိ ပြန်ထွက်မသွားသေးကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
လက်ရှိတွင် ထားဝယ်အကျဥ်းထောင် ပတ်ဝန်းကျင်တွင် လုံခြုံရေး အင်အားများ တိုးမြှင့်ချထားပြီး အကျဉ်းထောင်အတွင်း ယခင်ကကဲ့သို့ သေနတ် ပစ်ဖောက်မှုများ မပြုလုပ်ကြောင်း ဒေသခံများကဆိုသည်။
” ကျတော်တို့ကတော့ သူတို့(စစ်ကောင်စီတပ်) တပ်စွဲထားဖို့ ပြင်ဆင်နေတယ်လို့ ထင်တယ်။။ ထောင်ပတ်လည်မှာလည်း အင်အားတွေ ချထားတာဆို တော့လေ၊ ထောင်သားတွေရှိလို့ တော်လှန်ရေးအင်အားစုတွေက မတိုက်လောက်လို့ ယူဆနေတာမျိုးလည်း ဖြစ်နိုင်တယ်။ ထောင်အတွင်းမှာ ဘာအသံမှ မကြားရတော့ ဘာတွေ ကြိတ်ကြံနေလဲ တော့ မသိပါဘူး ” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ယင်းကဲ့သို့ စစ်ကောင်စီတပ်က အင်အားအများအပြား ဝင်ရောက်နေသဖြင့် ထားဝယ်အကျဉ်း ထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ၏ လုံခြုံရေးအတွက် နိုင်ကျဉ်းမိသားစုဝင်များက စိုးရိမ်လျက်ရှိနေသည်။
” ထောင်ထဲမှာ ဘာပြဿနာမှ မဖြစ်ဘဲ၊ အများကြီး ဝင်သွားတယ်။ အခုထိ တော့ ရိုက်နှက်တာတွေ ၊ သေနတ်ပစ်တာ တွေ မကြားရသေးဘူး။ ဒါပေမဲ့ အများကြီး ဝင်သွားတာဆိုတော့ တစ်ခုခုဖြစ်မှာကို စိုးတယ်၊ လုံခြုံရေးအတွက်ကို စိုးတာပါ “ ဟု ထားဝယ်အကျဉ်း ထောင်မှ နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ မတ် ၁၆ရက်က စစ်ကောင်စီတပ်သားများနှင့် အကျဉ်းထောင်ဝန်ထမ်းများသည် ထားဝယ်အကျဉ်းထောင်ကို ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ပြီး၊ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၂၀ ကျော်ကို ရိုက်နှက်ကာ တိုက်ပိတ်ထားခဲ့သည်။
ထို့နောက် တိုက်ပိတ်ခံထားရသည့်သူများအနက် ကိုမင်းသူနှင့် ကိုဝင်းသီဟတို့ နှစ်ဦးကို ခေါင်းစွပ်အနက်ရောင်စွပ်ပြီး အကျဉ်းထောင် ပြင်ပသို့ ခေါ်ဆောင်သွားခဲ့ကာ သက်သေခံပစ္စည်း လိုက်ပြခိုင်းစဉ် ထွက်ပြေးရန် ကြံစည်သဖြင့် ကိုဝင်းသီဟကို ခြောက်လှန့် ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးသွားခဲ့ကြောင်း ထားဝယ်အကျဉ်းဦးစီးဌာနက မိသားစုများထံသို့ ပေးပို့အကြောင်းကြားခဲ့သည်။
ယင်းကဲ့သို့ ထောင်ပြင်ပကို ဥပဒေမဲ့ ခေါ်ဆောင်ပြီး မတရားသတ်ဖြတ်လိုက်ခြင်းကို ထားဝယ်အကျဉ်းထောင်က သတင်းအမှောင်ချထားသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ခဲ့သည်။
ထားဝယ်အကျဉ်း ထောင်အတွင်း နိုင်ငံရေး အကျဉ်းသား စုစုပေါင်း လေးရာ ကျော်ရှိကြောင်း ထားဝယ်ခရိုင်နိုင်ငံရေးအကျဉ်းသားများကွန်ရက်၏ စာရင်းများအရ သိရသည်။