By Ra Wai / MPA
မကြာမီ တိုက်ပွဲများ ပြင်းထန်လာတော့မည်ဆိုသည့်သတင်းများကြောင့် သထုံနှင့် ဘီးလင်းမြို့နယ် အတွင်းရှိ ပြည်သူတို့မှာ ရိက္ခာခြောက် ဝယ်ယူစုဆောင်းနေကြကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ပြောကြားချက်အရသိရသည်။
မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်၊ အလူးလေးရွာဘက်တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းနှင့် ပေါင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းလိုက်ခြင်းတို့အပေါ် အခြေခံကာ သထုံနှင့် ဘီးလင်းပြည်သူများကြား ရိက္ခာဝယ်ယူစုဆောင်းခြင်းတို့ ဖြစ်လာကြောင်း မွန်ပြည်နယ်ပကဖ ဒုတာဝန်ခံ စောထူးအောင်က ပြောသည်။
“အလူးလေးဘက်မှာ တိုက်ပွဲတွေ ဆက်တိုက်ရှိနေတယ်။ အခု PDF တွေတိုက်လို့ စစ်တပ် ခံနေရတာ နှစ်ကြိမ်၊သုံးကြိမ်ရှိနေပြီ၊ အဲဒါကြောင့် တိုက်ပွဲတွေ ပြင်းထန်တော့မဲ့သတင်းတွေ ထွက်လာတာ” ဟု ၎င်းက MPAသို့ ပြောသည်။
အလူးလေးရွာသည် ဘီးလင်းမြို့မှ ကျိုက်ထိုဘက်သို့ အထွက်တွင် ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ၁၆ရက်၊ ညနေပိုင်းကလည်း ဘီးလင်းမြို့နယ်၊ တဂေးလောင်းရွာ စာသင်ကျောင်းကို လက်လုပ်အသေခံဒရုန်း နှစ်စင်းဖြင့် စစ်တပ်က တိုက်ခိုက်ခဲ့ရာ ဒရုန်းတစ်စင်းမှာ စာသင်ကျောင်းဆောင်ခေါင်မိုးအား ထိမှန်ခဲ့ပြီး အခြားတစ်စင်းမှာ စာသင်ကျောင်းနှင့်မနီးမဝေး၌ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ကေအဲန်ယူဗဟိုက သတင်းထုတ်ပြန်ထားသည်။
သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်နေ ပြည်သူတစ်ဦးက “အခု ပြီးခဲ့တဲ့ လေး၊ ငါးရက်လောက်ကစပြီး ကျတော်တို့ သထုံမြို့ပေါ်မှာဘဲ ရိက္ခာတွေစုကြတာ၊ ငါးခြောက်ငါးခြမ်းတို့လိုမျိုး ရိက္ခာခြောက်တွေ ခပ်များများ ဝယ်စုကြတယ်။ မကြာဘူး၊တိုက်ပွဲတွေ ပြန်ပြင်းတော့မယ်ဆိုပြီး ကြားနေရတယ်”ဟု ပြောသည်။
သထုံမြို့ပေါ်ပြည်သူတို့သည် ရိက္ခာခြောက်အပြင် ဆိုင်ကယ်စီးရန်အတွက် လောင်စာဆီလည်း တနိုင် ဝယ်သိမ်းထားကြကြောင်း သိရသည်။
“အရေးအကြောင်းဆို ဒီဆိုင်ကယ်ပဲ အားကိုးရမှာလေ၊ ပြေးဖို့လိုရင် ပြေးရအောင်” ဟု ဘင်လှိုင်ရပ်ကွက်နေ ပြည်သူတစ်ဦးက ဆက်ပြောသည်။
ထို့ပြင် သထုံမြို့တွင် စားသောက်ကုန်များ ရောင်းအားကောင်းနေပြီး သထုံမြို့နှင့်နီးသော ဘီးလင်းရွာများကပါ လာရောက်ဝယ်ယူနေကြောင်း စားသောက်ကုန်ရောင်းချနေသည့် ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
“စားသောက်ကုန်ဈေးတွေလည်း တက်တယ်။ အခု ဝယ်လိုအားလည်း တက်တာ ဒီနေ့(ဇန်နဝါရီ ၁၈ရက်)မှ နည်းနည်း ငြိမ်သွားတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ သထုံမြို့ပေါ်ရှိ လမ်းမကြီးများပေါ်တက်လာသည့် ဘေးတွဲဆိုင်ကယ်များကို စစ်ကောင်စီအာဏာ ပိုင်များက ဖမ်းဆီးနေသဖြင့် ဇန်နဝါရီ၁၅ရက်မှ စတင်ကာ လူခြောက်ကပ်နေပြီး ဇန်နဝါရီ၁၈ရက်မှ သာ လူပြန်စည်လာကြောင်း ၎င်းကဆိုသည်။
၂၀၂၄ခုနှစ်၊ဒီဇင်ဘာလကုန်ပိုင်းက သထုံမြို့ပေါ်တွင် ဧည့်စာရင်းစစ်ကာ လူငယ်များ ဖမ်းဆီးမှုမှာ ယခုလ အတွင်း ငြိမ်သက်နေကြောင်း သိရသည်။