By Ra Wai / MPA
အဓမ္မစစ်သားစုဆောင်းခြင်းခံရသူ လေးဦး မုံရွာ နမခ မှ လက်နက်များသယ်ဆောင် ထွက်ပြေးလာကာ PDFတပ်ဖွဲ့ထံ ခိုလှုံခဲ့ကြောင်းသိရသည်။
ဇန်နဝါရီ ၁၈ရက်၊ နံနက် ငါးနာရီခန့်တွင် မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)၌ လုံခြုံရေးတာဝန်ကျနေသည့် စစ်သားလေးဦး ထွက်ပြေးလာပြီး ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ကြောင်း Budalin Mobile Team အဖွဲ့က သတင်းထုတ်ပြန်သည်။
“ ရှေ့တန်းကလှမ်းပို့တဲ့သတင်းကိုသာ ထုတ်ပြန်ရတာမို့ ရဲဘော်တွေပြန်မရောက်ကြသေးလို့ အတိအကျမသိရသေးပါခင်ဗျ။ ဖုန်းလိုင်းကလည်း အဆင်မပြေလို့ပါ။တပ်သားက လေးဦးပါ” ဟု Budalin Mobile Team အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။
ယင်းတပ်သားလေးဦးသည် ရန်ကုန်မြို့နှင့် ဟင်္သာတမြို့တို့မှဖြစ်ပြီး စစ်ကောင်စီ၏ စစ်မှုထမ်းဥပ ဒေအရ အဓမ္မစစ်သားစုဆောင်းခံရကာ
စစ်မှုထမ်းအပတ်စဉ်ငါးမှ သင်တန်းဆင်းခဲ့သူများဖြစ်ကြောင်းသိရသည်။
“ ရှမ်းပြည်ဘက် အလုပ်လုပ်ဖို့ သွားရင်း လမ်းမှာ အဖမ်းခံရတာပါ။ ရန်ကုန်ဘက်ကနေ မုံရွာ နမခ ကို ရောက်လာတာဖြစ်ပါတယ်။ တပ်ထဲမှာ မနေချင်တာနဲ့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ထွက်လာကြတာ ဖြစ်တယ်” ဟု အလင်းဝင် စစ်သားတစ်ဦးက ပြောကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ယင်းတပ်သားလေးဦးသည်PDFများသို့ မည်သို့ချိတ်ဆက်ရမည်ကို မသိသဖြင့် အရပ်ဝတ်ဖြင့် လက်နက်များဖွက်ကာ ထွက်ပြေးလာခဲ့ရာ PDFရဲဘော်များနှင့် တွေ့ဆုံမှာသာ ဖွက်ထားသည့် လက်နက်များပြန်ရှာယူခဲ့ရကြောင်း သိရသည်။
ယင်းတပ်သားလေးဦးနှင့်အတူ သေနတ်လေးလက်၊ ကျည်ဘောက်နှင့် ကျည်ဆန်တို့ပါလာသဖြင့် တစ်ဦးလျှင် ဆုကြေးငွေ ကျပ်သိန်း ၃၀ဆီချီးမြှင့်ခဲ့ပြီး သက်ဆိုင်ရာသို့ ပို့ဆောင်ပေးလိုက်ကြောင်းသိရသည်။